Wednesday, February 13, 2013

ဥဿာမြို့သစ်တွင် လူနေအိမ်များ ပြောင်းရွှေ့ရန် အမိန့်ထုတ်

ကွန်ချမ်း | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၁၃ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၃၄ မိနစ်

စံခလပူရီ(မဇ္ဈိမ)။     ။ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ရပ်ကွက်ကြီး (၉) ရှိ လူနေအိမ်များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ပေးရန် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားထားကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး လက်မှတ်ဖြင့် တရပ်ကွက်လုံးရှိ အိမ်ထောင်ဦးစီး တိုင်းသို့ စာနှင့်တကွ အကြောင်းကြားခဲ့ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်း အစည်းအဝေး ခေါ်ယူကာပြောင်းရွှေ့ရန် အမိန့်စာကို ဖတ်ပြခဲ့သည်ဟု ဆိုသည်။

“ကျူးကျော်မြေတွေ ဖြစ်တယ်ဆိုပြီး အကုန်လုံး ဖယ်ပေးရမယ်လို့ ပြောတယ်။ ဖယ်မပေးရင် ထောင်တလဆီ ချမယ်လို့ ပြောတယ်။ ခရိုင် ဒု-ဦးစီးမှူး (ဒု-အုပ်ချူပ်ရေးမှူး) ကိုယ်တိုင် ပြောတယ်။ နို့တစ်စာ ထုတ်ပြီးတော့ အစည်းအဝေးမှာ တရားဝင် ပြောတယ်” ဟု ရပ်ကွက်ကြီး (၉) မှ ဦးလင်းနိုင်ဦး က ပြောသည်။

ပြောင်းရွှေ့ရမည့် ရပ်ကွက်ကြီး (၉) တွင် အိမ်ထောင်စုပေါင်း ၉၀၀ ကျော် ရှိပြီး လူဦးရေ ၂၀၀၀ ကျော် ရှိသည်ဟု သူက ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူး၏ အကြောင်းကြားစာတွင် ပြောင်းရွှေ့ရမည့် အိမ်ထောင်စုများသည် ယခင် အမှတ် (၁) စက်မှုဝန်ကြီးဌာနပိုင်မြေအတွင်း နေထိုင်သူများ ဖြစ်ပြီး၊ ၁,၇၂၅ ဒဿမ ၇၇ ဧကရှိ မြေများကို တိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြောင်းလွှဲပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 ပြောင်းရွှေ့ခြင်း မပြုပါက ၁၈၉၈ ခုနှစ်၊ မြန်မာနိုင်ငံအောက်ပိုင်း မြို့ရွာရှိ မြေယာ အက်ဥပဒေ ပုဒ်မ ၂၁ (၁) အရ အရေးယူသွားမည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားပြီး ထိုပုဒ်မဖြင့် ထောင်ဒဏ် ရက် ၃၀ ချခံရဖွယ် ရှိသည်။

ပြောင်းရွှေ့ရန် လက်ခံသည့် အိမ်ထောင်စုများကို ဥဿာမြို့သစ် ရပ်ကွက်ကြီး (၈)၊ မြေတိုင်းရပ်ကွက် အမှတ် (၂၄) ၏ တောင်ဘက်၊ ဘော်ဒါဆောင်၏ အနောက်ဘက်နှင့် ရှင်ဆောင်း အထည်ချုပ် စက်ရုံဝန်းကျင်တွင် ပြန်လည်နေရာချပေးမည်ဟု ဆိုပြီး လက်ခံသူများအား လက်မှတ်ထိုးခိုင်းခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောသည်။ သို့သော်လည်း မည်သူတဦးတယောက်မှ
ပြောင်းရွှေ့ရန် လက်မှတ် ထိုးခဲ့ခြင်း မရှိဟု အဆိုပါ ဒေသခံများမှ ဆိုသည်။

ဒေသခံအချို့၏ အဆိုအရ လွန်ခဲ့သည့် နှစ် ၄၀ ဝန်းကျင် ဥဿာမြို့သစ် မတည်ခင်ကပင် မဆလအစိုးရက ဤအရပ်တွင် ၎င်းတို့အား နေရာချထားပေးခဲ့ပြီး လယ်မြေ၊ ခြံမြေနှင့် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်ဟု ဆိုသည်။

 ဥဿာမြို့သစ်ကို ၁၉၉၈ နောက်ပိုင်း လူနေအိမ်ယာ၊ အဝေးပြေးကားဂိတ်၊ စက်မှုဇုန်နှင့် စက်ရုံ အလုပ်ရုံများဖြင့် နဝတ အစိုးရက နေရာချတည်ထားခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် လူ့အခွင့်အရေး လှုပ်ရှားသူနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် မစုစုနွေး က ပြောင်းရွှေ့ခံရမည့် အခြေအနေကို သွားရောက်လေ့လာခဲ့ပြီး ဒေသခံများအား အားပေးနှစ်သိမ့်ခဲ့ကာ အကူအညီပေးနိုင်ရန်လည်း ဆွေးနွေးခဲ့သည်ဟု မစုစုနွေး က ပြောသည်။

“သူတို့ အဲဒီမှာ နေလာတာ နှစ်ပေါင်း ၄၀ ကျော်ပြီရှင့်၊ ပြောင်းလိုက်ရင် တရွာလုံး အတိဒုက္ခရောက်မှာမို့ တရပ်ကွက်လုံးက မကျေနပ်ကြဘူး။ ကျမက သူတို့ကို အားလုံး လက်မှတ်ထိုးခိုင်းထားပါတယ်ရှင့်၊ ဒီဥစ္စာကို ကျမတို့ အထက်ကို စာတင်မယ်။ အဲဒီ မတ်လ ၁ ရက်နေ့ကျရင်လည်း ကျမ အဲဒီရပ်ကွက်ကို သွားစောင့်ပေး မယ်” ဟု မစုစုနွေးက ပြောသည်။

မစုစုနွေး သွားရောက်တွေ့ဆုံပြီးနောက် ၎င်းရပ်ကွက်မှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး စုစုပေါင်း ၂၀ ကျော်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ခရိုင်မှူးရုံး၌ တွေ့ဆုံရန် ခရိုင်အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ထားသော်လည်း မိမိတို့အား လက်ခံတွေ့ဆုံခြင်း မပြုခဲ့ဟု ဆယ်အိမ်မှူး တဦးက ပြောသည်။

ထိုအကြောင်းနှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူးရုံးသို့ မဇ္ဈိမမှ ဆက်သွယ်မေးမြန်းရာ ရုံးအဖွဲ့တာဝန်မှူးက စီမံကိန်း ဧရိယာနှင့် မလွတ်ကင်းသည့် ကျူးကျော်အိမ်ယာများကို ဖယ်ရှားမည်မှာ မှန်ကန်ကြောင်းသာ
ပြောပြီး တွေ့ဆုံရန် ပျက်ကွက်ရသည့် အကြောင်းကို ဖြေကြားခြင်း မပြုခဲ့ပေ။

ကျူးကျော်နေအိမ်များဟု သတ်မှတ်ကာ ဖယ်ရှားခိုင်းခြင်း၊ ချိန်းဆိုပြီး မတွေ့ဆုံဘဲ ကတိပျက်ကွက်ခြင်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဥဿာမြို့သစ် စက်မှုဇုန်ဝင်းအတွင်း သတင်းစာရှင်းလင်းပွဲ
ပြုလုပ်သွားမည်ဟုလည်း ဦးလင်းနိုင်ဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates