skip to main | skip to sidebar

Tuesday, February 14, 2012

နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ ခွင့်ပြုရေး ကော်မရှင် နှုတ်ဆိတ်နေ



ချင်းမိုင်(မဇ္စျိမ) ။       ။ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့်
လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ခွင့် ပြုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ တင်ပြခဲ့သည်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။

ယင်းအချက်ကို SNDP ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က မေးမြန်း တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တစုံတရာ ဖြေကြားခြင်း မရှိခဲ့ဟု ဦးစိုင်းမောင်တင်က ပြန်ပြောပြသည်။

“အဲဒါကို ဖြေမသွားဘူးဗျ။ ဘာမှ မပြောဘူး။ အဲဒီမေးထားတဲ့ မေးခွန်းကို ချန်ထားတယ်။ ဖြေတဲ့အထဲမှာ မပါသွားဘူး” ဟု ၎င်းက ပြောသည်။

အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း တပါတီချင်း အလိုက် ဆွေးနွေးရာတွင် ၎င်းအလှည့် ရောက်သည့်အခါ ယင်းအချက်ကို ထောက်ခံ ဆွေးနွေးခဲ့ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် မဖြေကြားခဲ့သော်လည်း လုံးဝ ပယ်ချခဲ့ခြင်း မရှိကြောင်း မဇ္ဈိမကို ပြောသည်။

“ကျနော်ကလည်း  ဒီကြားဖြတ်ရွေးကောက်ပွဲက ပြည်တွင်းပြည်ပ စောင့်ကြည့်မယ်။ နိုင်ငံတကာ မီးမောင်းထိုးမှုကို ရောက်မယ်။ အဲဒါကို ပြောတာ။ ပြန်ဖြေတဲ့အထဲမှာ အဲဒါ မပါဘူး။ သေချာပြောနိုင်တာက ငြင်းပယ်တာ မရှိဘူး” ဟု ဦးသိန်းညွန့် က ပြောသည်။

ယခင်လက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာ အစိုးရ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာခွင့်ပြုရန် တိုက်တွန်း ပြောဆိုခဲ့သည်။

အင်္ဂါနေ့တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မရှိစေရေးနှင့် ပတ်သက် ၍ တင်ပြရာတွင်မူ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တရားမျှတပြီး စစ်မှန်သည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်ရန် ကတိပေးခဲ့ကြောင်း ဦးစိုင်းမောင်တင်က ဆက်ပြောသည်။

“သူ့အနေနဲ့ ကတိပေးတယ် ပေါ့နော်။ ဒါပေမယ့် သူတို့ ရွေးကောက်ပွဲ ကော်မရှင်တရပ်ထဲ လုပ်လို့ မရဘူး။ နိုင်ငံရေး ပါတီတွေ ကနေလည်း စောင့်ကြည့်ပြီးတော့ ထိန်းညှိကြဖို့ ပြောသွားပါတယ်”ဟု မဇ္စျိမကို ပြောသည်။

နိုင်ငံရေးပါတီ ၁၉ ခု ရှိခဲ့ရာတွင် မဲဆန္ဒနယ် ၃ နေရာ မပြိုင်နိုင်သဖြင့် မကြာမီက ဖျက်သိမ်းခံခဲ့ရသည့် ဒီမိုကရက်တစ် မဟာမိတ်ပါတီနှင့် ၈၈ ပြည်သူ့အင်အား ပါတီနှစ်ခု မှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပြုလိုက်သည်ဟု  အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှ ဦးစိုးဝင်းက ပြောသည်။

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် နေရာပေါင်း ၄၈ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီပေါင်း ၁၇ ပါတီရှိပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၁၅၄ ဦး ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အမည်စာရင်းများကိုလည်း ကော်မရှင်က အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။

သို့သော် နေပြည်တော်တွင် တစုတစည်းထဲ ထုတ်ပြန်ခြင်း မဟုတ်ဘဲ ဒေသန္တရအဆင့် ရွေးကောက်ပွဲ ကော်မရှင်များ က မိမိတို့ နယ်မြေအလိုက် သီးခြားစီ ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အပေါ်ယံ အပစ်အခတ် ရပ်စဲရေး ဖြစ်မှာကို WLB စိုးရိမ်



ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား  ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများ၏ ရလဒ်မှာ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်ပေါ်မလာမည်ကို စိုးရိမ်မိကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB က ထုတ်ပြန်လိုက်သည်။

အမျီုးသမီးအဖွဲ့ ၁၃ ဖွဲ့ဖြင့် ပေါင်းစည်းထားသည့် WLB ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်ထဲတွင် “အပေါ်ယံ အပစ်အခတ် ရပ်စဲရေး လမ်းကြောင်းကိုသာ ဦးတည်သွားမည်ကို မိမိတို့အနေဖြင့် အထူးစိုးရိမ်ပူပန်မိသည်” ဟု ဖေါ်ပြပါရှိသည်။

တိုင်းရင်းသားအားလုံး စုစည်းပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုးမဟုတ်ဘဲ တဖွဲ့ချင်းစီ ခွဲထုတ် ဆွေးနွေးနေမှုကို ထောက်ပြကာ “အဲလိုတွေလုပ်နေတဲ့ တပြိုင်တည်းမှာပဲ စစ်ပွဲတွေ ဖြစ်နေတာတွေကိုလည်း တွေ့မြင်နေရတော့ စစ်မှန်တဲ့ အပစ်ခတ်ရပ်စဲရေးတွေ မဖြစ်မှာကို စိုးရိမ်မိတယ်” ဟု WLB မှ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က မဇ္ဈိမကို ပြောသည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည် တပ်မတော် SSA တောင်/မြောက် အဖွဲ့များ အပါအဝင် စုစုပေါင်း ၁၁ ဖွဲ့တို့ဖြင့် အပစ်ခတ် ရပ်စဲရေးအတွက်
တွေ့ဆုံဆွေးနွေးမှုများကို သီးခြားစီခွဲ၍ ပြုလုပ်ထားသည်။

၁၉၉၄ ကာလမှ စတင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ တို့ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ကြသော်လည်း အပစ်ရပ်စဲမှု ပျက်ပျယ်ခဲ့ကြပြီး တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခြင်းကိုလည်း WLB ၏ ထုတ်ပြန်ချက်၌ ထောက်ပြ ထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရတို့အကြား ဇန်နဝါရီ ၁၈၊ ၁၉ ရက်များက တွေ့ဆုံ ဆွေးနွေးခဲ့ ပြီးနောက် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ထိ နှစ်ဖက် တိုက်ပွဲပေါင်း ၃၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KIA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ပြောသည်။

“တိုက်ပွဲတွေကတော့ တောက်လျှောက် ဖြစ်နေတုန်းပါပဲ။ ဆွေးနွေးမှု လုပ်နေတယ် ဆိုတာကတော့ နိုင်ငံရေးအရ အဖြေရှာမှုလုပ်နေတာ ဖြစ်တဲ့အတွက် အဲဒါ အောင်မြင်သွားရင်တော့ တိုက်ပွဲတွေ ရပ်ဆိုင်းသွားမှာပါ။ နိုင်ငံရေးအရ အဖြေမရှာနိုင်ခင်မှာတော့ တိုက်ပွဲတွေက ခုလိုပဲ ရှိနေဦးမှာပါပဲ” ဟု ဗိုလ်မှူးချုပ် ဂွမ်မော် က မဇ္ဈိမကို ပြောသည်။

အလားတူ အစိုးရနှင့် ပဏာမ အပစ်ခတ်ရပ်စဲထားသော KNU နှင့် အစိုးရ တပ်မတော်တို့အကြား ဖေဖေါ်ဝါရီ လဆန်းပိုင်းက တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့သေးကြောင်း KNU ထံမှ သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၏ဆိုးကျိုးကို အမျိုးသမီးများနှင့် ကလေးများက အများဆုံးကြုံတွေ့ ခံစားရပြီး လတ်တလောဖြစ်ပွားနေသည့် KIO နှင့် အစိုးရအကြား ဖြစ်ပွားခဲ့သည့် ၈ လကျော်အကြာ တိုက်ပွဲများ အတွင်း ထွက်ပြေးခိုလှုံ နေကြရသည့် စစ်ပြေး ဒုက္ခသည် ၆ သောင်းကျော်အနက် အများစုမှာ အမျိုးသမီးနှင့် ကလေးများ ဖြစ်ကြသည်။

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးမှုပြုလုပ်သည့်အခါတွင် အမျိုးသမီးများ၏ ဆန္ဒသဘောထားများ ပါဝင်ရန် လိုအပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အမျိုးသမီး ကိုယ်စားလှယ်များ ပါဝင်မှုကို အားပေးရန်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ WLB က တိုက်တွန်းထားသည်။

“တိုက်ပွဲတွေကို ဖေါ်ဆောင်သူတွေဟာ အမျိုးသမီးနဲ့ ကလေးတွေမဟုတ်ကြပေမယ့် တကယ် ခါးစည်းခံရတဲ့ အများစု က သူတို့ပဲ။ ဒါကြောင့် နိုင်ငံတော်တည်ဆောက်ရေး၊ ပဋိပက္ခဖြေရှင်းရေး စတဲ့နေရာတွေမှာ အမျိုးသမီးတွေရဲ့ အသံတွေ၊ စဉ်းစားတွေးခေါ်ချက်တွေကို အရေးတယူ ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အဲသလို စဉ်းစားပေးမှသာ တကယ် ဘက်ပေါင်းစုံ ပြီးပြည့်စုံတဲ့ စဉ်းစားချက်တွေနဲ့ အတူ ကျမတို့မြန်မာနိုင်ငံကို အပြောင်းလဲတခု၊ ဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီအရ အနှစ်သာရရှိတဲ့ နိုင်ငံတော်တခုကို တည်ဆောက်နိုင်မှာဖြစ်တယ်” ဟု မတင်တင်ညို က ပြောသည်။

ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် ပြည်တွင်းပြည်ပရှိ မြန်မာနိုင်ငံသား များ လက်မှတ်ရေးထိုး လှုပ်ရှားမှုတရပ်ကိုလည်း ဖေဖေါ်ဝါရီ ၁၄ ရက်နေ့မှ စတင် ပြုလုပ်မည်ဟု ဆိုသည်။

အဆိုပါ မေတ္တာရပ်ခံစာအား ဦးသိန်းစိန် အစိုးရ၊ မြန်မာ့တပ်မတော်၊ ဒီမိုကရေစီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးသို့ ပေးပို့မည်ဟုလည်း ထုတ်ပြန်ကြေညာချက်က ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျ၊ အိန္ဒိယနှင့် ထိုင်းနယ်စပ် အခြေစိုက် မြန်မာနိုင်ငံမှ အမျိုးသမီးအဖွဲ့ ၁၂ ဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက် နေ့တွင် WLB ကို စတင်တည်ထောင်ခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်တွင် ကယန်းအမျိုးသမီးများ အစည်းအရုံး က ပါဝင်လာ ခဲ့သည်။

ဒေါ်စု၏ ခဲအို မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ကူညီလို



ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်၏ အမွှာအစ်ကို အန်ထော်နီ အဲရစ် သည် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား ကူညီနိုင်ရေးအတွက် ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်င အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ GHRE သို့ တနင်္လာနေ့က သွားရောက် လေ့လာခဲ့သည်ဟု သိရသည်။

GHRE အဖွဲ့ဒါရိုက်တာ ဦးထူးချစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အလုပ်သမားများအား မည်သို့ ကူညီနိုင်မည်ကိုမူ ဆက်လက် လေ့လာသွားရဦးမည်ဟု အန်ထော်နီ အဲရစ်က ပြောသည်။

“သူလုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လို ကူလို့ရမလဲ ဆိုတာ လေ့လာတာပါ။ သူ့ဝန်ထမ်းတွေနဲ့လည်း တွေ့ဆုံခဲ့ရပါ တယ်။ သူလုပ်နေတဲ့ လုပ်ငန်းတွေကို ကျနော်တို့ အားရကျေနပ်ပါတယ်။ ဘယ်လို ကူနိုင်မလဲဆိုတာ သူနဲ့ ပုံမှန် ဆက်သွယ်ထားမှာပေါ့” ဟု အန်ထော်နီ အဲရစ်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံအတွင်း၌ ပြုပြင်ပြောင်းလဲရေး တချို့လုပ်လာသဖြင့် နိုင်ငံတကာ အစိုးရနှင့် အန်ဂျီအိုများက ပြည်တွင်းသို့ ဝင်ရောက် လုပ်ကိုင်ရန် အာရုံပိုစိုက်လာသဖြင့် ပြည်ပအဖွဲ့များသို့ အကူညီမှုများ လျှော့ချခံရသည်။ လိုအပ်သည့် အကူအညီများကို ရရှိနိုင်ရန် GHRE က အန်ထော်နီ အဲရစ်တို့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးထူးချစ်က ပြော သည်။

“သူတို့လည်း ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ကူညီပေးချင်တဲ့စိတ်ရှိတယ်။ လာကြည့်ချင်တဲ့စိတ် ရှိတယ်လို့ သူတို့နဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကနေ တဆင့်ကြားတာလေ။ ကျနော်တို့ကလည်း အခက်အခဲရှိတယ် လာကြည့်နိုင်ရင် ပိုကောင်းတာပေါ့ဆိုပြီး ကျနော်တို့က လှမ်းဖိတ်လိုက်တာ” ဟု သူက မဇ္ဈိမကို ပြောသည်။

ဖန်င အခြေစိုက် GHRE အဖွဲ့သည် ၂၀၀၀ ခုမှစ၍ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆောင်ရွက်နေပြီး ယခုအခါ စာသင်ကျောင်း ၈ ကျောင်း၊ HIV/AIDS လူနာများအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဂေဟာ၊ အမျိုးသမီး အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းနှင့် အမျိုးသမီး အခွင့်အရေး ပညာပေးစင်တာတို့ ဖွင့်လှစ်ထားသည်။

အန်ထော်နီအနေဖြင့် မည်သို့မည်မျှ ကူညီမည်ကို ကတိပေးသွားခြင်း မရှိသော်လည်း GHRE ၏ ပညာရေး လုပ်ငန်းများတွင် ဘတ်ငွေ ၃ သန်း လိုအပ်ကြောင်း တင်ပြပြောဆိုခဲ့သည် ဟု ဦးထူးချစ်က ဆက်ပြောသည်။

“ကျနော်တို့ ကလေးအနည်းဆုံး သုံးလေးရာလောက် နေလို့ရတဲ့ ကျောင်းသစ်ကြီး ဆောက်ထားတယ်။ မေလမှာ ဖွင့်မှာပေါ့။ သူတို့ ကိုယ်တိုင်လည်း သွားကြည့်တယ်။ အဖွဲ့အစည်းပိုင်တဲ့ ကျောင်းကားတွေလည်း ရှိတယ်။ ကားဒရိုင်ဘာဖိုး၊ ဆီဖိုး၊ ဆရာ/ဆရာမတွေ ခန့်ဖို့၊ အခက်ခဲရှိတယ်။ ဆေးခန်းတွေ၊ HIV လူနာထားတဲ့ နေရာတွေ။ သူတို့ ကြည့်သွားတယ်” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံသို့ ဇန်နဝါရီလ ဒုတိယပတ်ထဲက ရောက်ရှိနေသည့် အန်ထော်နီ အဲရစ် နှင့် သူ၏ ဇနီးသည်တို့သည်  စူရတ်ဌာနီ ခရိုင် ကော့စမွေကျွန်းရှိ သူ၏ ကိုယ်ပိုင်အိမ်တွင် နောက်ထပ် တလ နေထိုင်ဦးမည် ဖြစ်သော်လည်း လတ်တလောတွင် အခြားအဖွဲ့အစည်းများနှင့် တွေ့ဆုံရန် အစီအစဉ် မရှိသေးကြောင်း ဆိုသည်။

၎င်းတို့ဇနီးမောင်နှံ နှစ်ဦး မြန်မာနိုင်ငံသို့ ၂၀၁၂ ခု ဇန်နဝါရီနှင့် ၂၀၁၁ ခု ဖေဖော်ဝါရီလ တို့တွင် သွားရောက် လည်ပတ်ဖူးကြောင်း အန်ထော်နီ အဲရစ် ကပြောသည်။

ဗြိတိန်နိုင်ငံတွင်နေထိုင်သူ အန်ထော်နီ အဲရစ်သည် မြန်မာနိုင်ငံရှိ HIV-AIDS ဝေဒနာသည်များနှင့် ပတ်သက်၍ တိုက်ရိုက် မဟုတ်သော်လည်း ကူညီလို သူများကို အခြေအနေ ရှင်းပြခြင်း၊ အကူအညီလိုသူများနှင့် ဆက်စပ်ပေးခြင်း တို့ ဆောင်ရွက်ပေးကြောင်း သိရသည်။

ခမရ ၃၂၁ အား တရားစွဲဆိုမှု ရုံးချိန်းရွှေ့ဆိုင်း



နယူးဒေလီ (မဇ္ဈိမ) ။        ။ မိုးမောက်မြို့နယ်၊ ခိုင်ဘန်ကျေးရွာသူ မရွယ်ဂျာ အား လေးလကြာ မတရား ဖမ်းဆီးထား ခြင်းနှင့် ပတ်သက်၍ ခမရ ၃၂၁ အား တရားစွဲဆိုထားမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သုံးရက်တာ ကြားနာအပြီး ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ရုံးချိန်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

မဆွမ်လွတ်ရွယ်ဂျာ အား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၃၂၁ လွယ်ဂျယ်တပ်စခန်းမှ ဥပဒေမဲ့ ဖမ်းဆီးထားသည့်အပေါ် ခင်ပွန်းဖြစ်သူ ဇောင်းခေါင် က သက်ဆိုင်ရာ တပ်ရင်းအား တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုအား ဖေဖေါ်ဝါရီလ ၉ ရက်နေ့မှ စတင်ကြားနာခဲ့သော်လည်း တဖက်မှ ပြင်ဆင်မှု အဆင်သင့် မဖြစ်သေးသည့် အတွက် ဤသို့ ရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်ကြောင်း ဇောင်းခေါင် ၏ ရှေ့နေ ဦးဇော်ဆမ် က ပြောသည်။

“ဒီအမူနဲ့ ပါတ်သက်ပြီး မလေ့လာသေးလို့ ပြောင်းလိုက်တာလို့ ပြောတယ်။ သူတို့ဘက်က ရှေ့နေတွေ အဆင်သင့် မဖြစ်သေးလို့ ရှေနေရုံးချုပ်က ပြောလိုက်တာပါ။ လျှောက်ထားခံဘက်က ဒီအမူကို သေချာ မစီစစ်ရသေးလို့ ဆိုပြီး ပြောင်းလိုက်တာပါ” ဟု ပြောသည်။

ကြားနာမှု သုံးရက်အတွင်း တဖက်မှ စစ်အရာရှိများ လာရောက်ခဲ့ကြသော်လည်း သတင်းအပြည့်အစုံ ထုတ်ပြန်၍ မရသေးကြောင်း ဦးဇော်ဆမ် က ပြောသည်။ “ဗိုလ်ကြီး တယောက်နဲ့ ဗိုလ်မှူး တယောက် လာတယ်။ ၃၂၁ ခမရ ကိုယ်စားလို့ သူတို့ပြောတယ်”

မဆွမ်လွတ် ရွယ်ဂျာမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့က ၎င်း၏ ခင်ပွန်း၊ ဖခင် တို့နှင့်အတူ တောင်ယာသို့ အသွား လမ်းတွင် ကချင်လွတ်မြောက်ရေးတပ် KIA ထောက်လှမ်းရေးဟု စွပ်စွဲပြီး ခမရ ၃၂၁ မှ ဖမ်းဆီးရန် ကြိုးစား ခဲ့သည်။ ခင်ပွန်းနှင့် ဖခင်မှာ ထွက်ပြေး လွတ်မြောက်သွားသဖြင့် မရွယ်ဂျာတယောက်သာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည် ဟု ဇောင်းခေါင်၏ ရှေ့နေတဦးဖြစ်သူ ဦးမားခါး က ပြောသည်။

ထိုစဉ်ကတည်းက ဖမ်းဆီးခံထားရသော မရွယ်ဂျာမှာ အသက်ရှင်လျက် ရှိ/မရှိ ကိုပင် မသိရသောကြောင့် အကယ်၍ သေဆုံးသွားပြီဆိုပါကလည်း သေဆုံးမှုနှင့် ပတ်သက်၍ ဆက်လက် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ဦးမားခါး က မဇ္ဈိမကို ပြောသည်။

မရွယ်ဂျာအမှုနှင့် ပူးတွဲ၍ ခလရ ၃၇ မှ ဖမ်းဆီးထားသည့် တာလောကြီးကျေးရွာမှ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့အမှုအားလည်း ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့သို့ ပြောင်းလွဲချိန်းဆိုလိုက်ကြောင်း သိရသည်။

ကရင်ပြည်နယ် ခနောက်စိမ်းတူး ကုမ္ပဏီအချို့ ရပ်နားထားရ



စံခလပူရီ (မဇ္ဈိမ) ။        ။ အကျိုးအမြတ် တွက်ခြေမကိုက်သဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ခနောက်စိမ်း တူးဖော်နေသည့် ကုမ္ပဏီ ၃ ခုထက်မနည်း ရပ်နားထားရကြောင်း ကုမ္ပဏီ အသိုင်းအဝိုင်းက ပြောသည်။

ခနောက်စိမ်းဈေး ကျဆင်းခြင်းနှင့် အကောက်အခွန် ပေးဆောင်ရမှု များခြင်းကြောင့် သပြုသတ္ထုမိုင်းအတွင်း တူးဖော်နေသည့် နဝရတ်၊ အောင်မြေ၊ မြပန်း၊ ထူးအောင်မြတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများအနက် ယခုနှစ်တွင် နဝရတ်နှင့် အောင်မြေ ကုမ္ပဏီ နှစ်ခုသာ ဆက်လက်တူးဖော်ကြပြီး ကျန်ကုမ္ပဏီများ ရပ်နားထားရသည်။

“ခဲ (ဒေသအခေါ်) ဈေးက အရမ်းကျနေတယ် ဆိုတော့ တူးခွင့်ရဖို့ ပေးရတာနဲ့ မကိုက်ဘူး။ ကုမ္ပဏီကြီးတွေတော့ ဆက်တူးနိုင်တယ်။ ကျနော်တို့တော့ နားထားရတယ်” ဟု ရပ်နားလိုက်ရသည့် ကုမ္ပဏီတခုမှ မန်နေဂျာတဦးက မဇ္ဈိမကို ပြောသည်။

ဧက ၅၀ ရှိ လုပ်ကွက်တကွက်အတွက် တနှစ်လျှင် ကရင့်အမျိုးသားအစည်းအရုံး KNU သတ္ထုတွင်းဌာနသို့ ထိုင်းဘတ်ငွေ နှစ်သိန်းခွဲ ပေးသွင်းရသည့်အပြင် မြန်မာအစိုးရထံသို့လည်း ပေးသွင်းရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်မှာ KNU ၏ ဒူးပလာယာခရိုင်အတွင်း ပါဝင်ပြီး တာဝန်ကျ KNU တပ်မဟာ ၆ မှ ဗိုလ်ကြီး ထဲနေကလည်း “ဒီနှစ်မှာဆို အကြီးစားက နဝရတ် ကုမ္ပဏီတခုပဲ ရှိတယ်။ ကျန်တာက အလတ်စားနဲ့ အသေးစားပဲ ရှိတယ်။ တနိုင်တပိုင်တွေပေါ့” ဟု ပြောသည်။

၂၀၁၁ နှစ်ဆန်းပိုင်းတွင် အရည်အသွေး ၄၀ ရာနှုန်း ရှိသည့် ခနောက်စိမ်းရိုင်း တတန် တန်ဖိုးမှာ ထိုင်းငွေ ၆၀,၀၀၀ ဘတ် ရှိရာမှ ဇွန်လနောက်ပိုင်း တရွေ့ရွေ့ ကျဆင်းလာခဲ့ရာ ယခု ပေါက်ဈေး ၃၆,၀၀၀ ဘတ်သာ ကျန်ရှိသည်။

အင်္ဂလိပ် အစိုးရ အုပ်ချုပ်စဉ်ကတည်းက ထင်ရှားခဲ့ပြီး၊ ဘုရားသုံးဆူမြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်တွင် တည်ရှိသည့် သပြုသတ္ထုမိုင်းအတွင်း လုပ်ကိုင်ခွင့် ရရန်အတွက် KNU သတ္ထုတွင်းဌာနမှ လုပ်ကွက် ဝယ်ယူခြင်း၊ မြန်မာအစိုးရထံ မှတ်ပုံတင်ခြင်းနှင့် လုပ်ကွက် ဝယ်ယူခြင်းတို့ကို အဆင့်ဆင့် ပြုလုပ်ရသည်။

KNU နယ်မြေအတွင်း ခဲသတ္ထု တူးဖော်ရေး လုပ်ငန်းကို ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် နဝရတ် ကုမ္ပဏီက သပြုသတ္ထုတွင်း ကုမ္မဏီ လီမိတက် အမည်ဖြင့် စတင်လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အောင်မြေ၊ မြပန်း ကုမ္ပဏီနှင့် ၂၀၀၆-၂၀၀၇ ခုနှစ်တွင် သုဇနပွင့်နှင့် အခြားကုမ္ပဏီများ ဝင်ရောက်လာခဲ့ကြသည်။

တပ်မဟာ ၆ နယ်မြေအတွင်း ခနောက်စိမ်း တူးဖော်မှုအား ဆက်လက်ခွင့်ပြုခဲ့ပြီး သစ်ထုတ်လုပ်မှုများကိုမူ ၂၀၁၀ ခုနှစ် နှစ်လယ်ခန့်မှ KNU က ပိတ်ပင်ထားခဲ့သည်။

“ကျောက် (ခနောက်စိမ်း) ကတော့ ကျနော်တို့ ဒေသခံတွေရဲ့ သဘောထားကို စုံစမ်းပြီးမှ တူးခွင့်ပေးခဲ့တယ်။ သစ်တောတွေလည်း မပြုန်းတီးရအောင်၊ မိုင်းကျဉ်းကျဉ်းလေးနဲ့ လေးငါးဦး ဝင်လုပ်နိုင်အောင် သူတို့ရဲ့ အကျိုးစီးပွား အတွက် ခွင့်ပြုတာ” ဟု ဗိုလ်ကြီးထဲနေက မဇ္ဈိမကို ပြောသည်။

သပြုသတ္ထုမိုင်းထွက် ခနောက်စိမ်းများကို တရုတ်၊ ဂျာမဏီ၊ ကိုးရီးယား၊ ဂျပန်နှင့် ထိုင်းတို့က ဝယ်ယူကြီး တရုတ် နယ်စပ် မူဆယ်လမ်းမှတဆင့် နိုင်ငံခြားသို့ တင်ပို့သည့်အပြင် ထိုင်းနယ်စပ် ဘုရားသုံးဆူလမ်းမှလည်း တရားမဝင် တင်ပို့ကြသည်။

ဈေးကျဆင်းမှုကြောင့် ကုမ္ပဏီများက ခနောက်စိမ်းများကို တင်ပို့ရောင်းချခြင်း မပြုဘဲ သိုလှောင်ထားကြပြီး ဈေးတက် ဖွယ် ရှိသည့် မတ်လခန့်တွင် ထုတ်ရောင်းဖွယ် ရှိသည်ဟု ခနောက်စိမ်း စမ်းသပ် တူးဖော်နေသည့် ကုမ္ပဏီပိုင်ရှင် တဦးက ပြောသည်။

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်



ရန်ကုန် (မဇ္ဈိမ) ။      ။ အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ဖြစ်သွားသည့် အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦးကို တာမွေဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်းတွင် လက်တလော ပြောင်းရွှေ့ ထားရှိသည်။

အဆိုပါမီးလောင်မှု အတွက် ဆုံးရှုံးနစ်နာမှု တန်ဖိုးကို အိမ်တလုံး ကျပ် ၅ သိန်း၊ အိမ်တခြမ်း ကျပ် ၁ သိန်း နှုန်းဖြင့် အိမ် ၄ လုံး + အိမ် ၄ ခြမ်းအတွက် စုစုပေါင်း ၂၄ သိန်း ဟု မီးသတ်တပ်ဖွဲ့ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။


အဆိုပါမီးလောင်မှုတွင် သန္ဓေမီးသတ် ၃၀၀ ကျော်၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သုံး၍ မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

မီးစတင်လောင်ကျွမ်းရာ နေအိမ် (တာမွေကြီး(ခ) ရပ်ကွက်၊ အိမ်အမှတ် ၃၆၉) မှ အိမ်ရှင် ဒေါ်သီတာအား တာမွေ ရဲတပ်ဖွဲ့က ပ/၁၄၅/၂ဝ၁၂/ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။

Monday, February 13, 2012

ဒေါက်တာတူးဂျာ အမတ်လောင်း အသိအမှတ်ပြုမှု စောင့်နေဆဲ



ချင်းမိုင်(မဇ္စျိမ) ။       ။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိခဲ့သော ကချင်တိုင်းရင်းသား ခေါင်းဆောင် တဦး ဖြစ်သည့် ဒေါက်တာမနန်တူးဂျာသည် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တသီးပုဂ္ဂလအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်း ပေးထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ အကြောင်းပြန်ကြားမှု စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

မိုးကောင်း မြို့နယ်ရှိ မဲဆန္ဒရှင်များကို အင်္ဂါနေ့တွင် သွားရောက် တွေ့ဆုံရန် အစီအစဉ်ရှိသော်လည်း အမတ်လောင်း မဟုတ်သေးသည့်အတွက် စည်းရုံးရေးခရီးစဉ်အဖြစ် လူထုဟောပြောပွဲ မလုပ်နိုင်သေးကြောင်း ဒေါက်တာတူးဂျာက မဇ္ဈိမကို ပြောသည်။

“စည်းရုံးရေးခရီးစဉ် မဟုတ်သေးဘူး။ မိုးကောင်းမြို့နယ်မှာ လုပ်ရမယ့် အလုပ်တွေကို သွားလုပ်တာပဲ ရှိတယ်။ အခုထိ ကော်မရှင်ကတော့ ဘာမှအကြောင်းမကြားသေးဘူး။ နည်းနည်းတော့ စောင့်ရမယ့် သဘောရှိတယ်” ဟု ပြောသည်။

မိုးကောင်းမြို့နယ်ရှိ မရမ်း၊ နမ္မတီးမြို့များတွင် မဲဆန္ဒရှင်များနှင့်တွေ့ဆုံရန်၊  ရုံးခန်းဖွင့်လှစ်ရန် စတင် ကွင်းဆင်းရန်
ဖြစ်ကြောင်း ဇန်နဝါရီလ ၁၈ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တသီးပုဂ္ဂလ အမတ်လောင်း အဖြစ် လျှောက်ထားခဲ့သည့် ဒေါက်တာတူးဂျာက ပြောသည်။

မိုးကောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်က စည်းရုံးရေးနှင့်ပတ်သက်၍ စည်းမျဉ်း စည်းကမ်းများ ခေါ်ယူ ရှင်းပြရာ တွင်မူ ဒေါက်တာတူးဂျာလည်း ပါဝင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

၎င်းအနေဖြင့် မိုးကောင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်၍ ဖွဲ့စည်းခဲ့သော ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP)အနေဖြင့် ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခွင့် မရရှိခဲ့ပေ။ ထို့အတွက် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ထပ်မံကြိုးပမ်းခဲ့သော်လည်း မရှိခဲ့ပေ။

ထို့နောက် ဒေါက်တာတူးဂျာက မြစ်ကြီးနားမြို့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်အဖြစ် လျှောက်ထားခဲ့သည်ကို ပါတီ၏ ရပ်မိရပ်ဖ အဖြစ်သာ လက်ခံထားသည်ဟု ဆိုသည်။

ဒေါက်တာတူးဂျာက မိုးကောင်းမြို့နယ် ဒေသခံများ ဖွံ့ဖြိုးရေးအတွက် မြစ်ကြီးနား၊ မိုးကောင်း-ကားလမ်း၊ မိုးကောင်း-ဖားကန့် ကားလမ်းများကို ပိုမိုကောင်းမွန်စေရန် ပြုပြင်ပေးသွားမည်၊ အလုပ်သမား၊ လယ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ တတ်နိုင်သည့်ဘက်မှ လုပ်ဆောင်ပေးသွားမည်ဟု ပြောသည်။

“ ပြည်သူလူထုကို ချဉ်းကပ်မယ်။ အန်ကယ့်သဘောထားတွေ၊ ဆန္ဒတွေ ရှင်းပြမယ်။ ပြည်သူလူထုဆုံးဖြတ်တဲ့အပေါ် မူတည်လိမ့်မယ်။ အန်ကယ့် ကံကြမ္မာကို ပြည်သူထုလက်ထဲ အပ်ထားပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကချင်ပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် မိုးကောင်း၊ ဖားကန့်နှင့် ဗန်းမော်မြို့နယ်ရှိ လစ်လပ်သော ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် သုံးနေရာအတွက် ကိုယ်စားလှယ်လောင်း ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

ရွှေညဝါဆရာတော် တရားဟောခွင့် တနှစ်ထပ်ပိတ်



ချင်းမိုင် (မဇ္ဈိမ) ။        ။ ရွှေညဝါဆရာတော်ဟု လူသိများသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ဦးဆောင်နာယက အဖွဲ့ဝင် စာချဆရာတော် ဦးပညာသီဟကို နိုင်ငံတော် သံဃာ့မဟာနာယကမှ တရားဟောခွင့် ပိတ်ပင်မှု တနှစ်ထပ်မံ တိုးမြှင့်လိုက်သည်ဟု ဆရာတော် ဦးပညာသီဟက မဇ္ဈိမကို မိန့်သည်။

ထပ်မံပိတ်ပင်မှုတားမြစ်စာကို မြန်မာတနိုင်ငံလုံးရှိ သံဃာ့နာယက၊ သာသနာရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးတို့ ထံ ပေးပို့ထားသည်ဟု သိရကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။ သို့သော် အဆိုပါစာကို ကာယကံရှင်ဖြစ်သည့် ဆရာတော်ထံ တိုက်ရိုက်ရောက်ရှိခြင်း မရှိသေးဟု ဆရာတော်က မိန့်ကြားသည်။

"၂ဝ၁၃ အထိ မြန်မာတနိုင်ငံလုံး ထပ်မံပိတ်လိုက်သည် ဆိုပြီးတော့ တခြားနေရာကနေ မိတ္တူလေး ကျုပ်ဆီ လာပို့လို့ ကျုပ်လက်ထဲ ရောက်တယ်လေ။ တနေ့က ညက ရပါတယ်။ မိတ္တူတော့ ရပြီးပြီ" ဟု ဆရာတော်က မိန့်သည်။

ဤသို့ ပိတ်ပင်ခံရမှု ထပ်မံတိုးမြှင့်လိုက်ခြင်းကြောင့် ယခုလ ၁၁၊ ၁၂ ရက်နေ့များတွင် တာချီလိတ်နှင့် ၁၃၊ ၁၄၊ ၁၅ ရက်များအတွင်း ခင်ဦး မြို့များတွင် ဟောပြောရန် စီစဉ်ထားသည့် တရားပွဲများလည်း ပျက်ပြယ်သွားခဲ့ရသည်။

ဆရာတော်သည် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်ခြင်းမရှိသည့် ဝေါဟာရ၊ အသုံးအနှုန်းများကို တရားပွဲများအတွင် ထည့်သွင်းဟောကြားသည် ဟူသည့် စွပ်စွဲချက်များဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့မှ ၂ဝ၁၂ ဖေဖေါ်ဝါရီလ ၁ဝ ရက်နေ့အထိ တနှစ်တာ တရားဟောခွင့် ပိတ်ပင်ခံရပြီးဖြစ်သည်။

ယခုကဲ့သို့ တနှစ်ထပ်မံတိုးမြှင့်လိုက်ခြင်းမှာ ‘ဆိုဆုံးမ၍ မရသူ’အဖြစ် သတ်မှတ်ခံရခြင်းကြောင့်ဟုလည်း ရွှေညဝါ ဆရာတော်က မဇ္ဈိမကို ဆက်လက်မိန့်ကြားသည်။

ဆရာတော်သည် ပထမတနှစ် တရားပွဲ ပိတ်ပင်ခံနေရစဉ် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလ အတွင်း မန္တလေးတိုင်း NLD ရုံးတွင် တရားဟောသည်ဟု စွပ်စွဲကာ သံဃာ့ဆိုဆုံးမှုမကို မနာခံသူအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကြည့်မြင်တိုင်ရှိ သာဓု ပရိယတ္တိ ကျောင်းတိုက်မှ ဖယ်ရှားရန်နှင့် ကျောင်းတိုက်တွင်း မည်သည့် သင်တန်းမှ မပြုလုပ်ရန်လည်း မဟနမှ ဒီဇင်ဘာလ ၁၂ ရက်နေ့က စာပေးပို့ ညွှန်ကြားခဲ့သည်။

အဆိုပါ ညွှန်ကြားချက်ကြောင့် ဆရာတော်သည် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် သာဓုကျောင်းတိုက်အတွင်းမှ ထွက်ခွာပေးရန် လက်မှတ်ထိုးထားရပြီး ‘ဆိုဆုံးမ၍ မရသူ’ဟု သတ်မှတ်ခံရမှုနှင့် ပတ်သက်၍ "ဝန်ခံကတိ လက်မှတ် လည်း ထိုးခဲ့တယ်။ အဲဒီအတိုင်းအတာအထိ လုပ်ပေးခဲ့ပြီးပြီ။ နောက်ထပ်ဘာများ လုပ်ပေးရဦးမှာလဲ။ နောက်ထပ် ဘာလုပ်ပေးမှ အဲဒီ စကားလုံး အသုံးအနှုန်းက ပျက်ပြယ်မှာလဲ။ စဉ်းစားလို့မရအောင် ဖြစ်နေပါတယ်။ " ဟု မဇ္ဈိမကို မိန့်ကြားသည်။

ဖေဖေါ်ဝါရီလ ၁၅၊ ၁၆၊ ၁၇၊ ၁၈ ရက်နေ့များတွင် ကြည့်မြင်တိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်များရှိ ဒါယိကာ၊ ဒါယကာမများကို နှုတ်ဆက်သည့်အနေဖြင့် ဆွမ်းခံထွက်မည်ဟုလည်း သိရသည်။

သာဓု ကျောင်းတိုက်မှ ထွက်ရမည်နှင့် ပတ်သက်၍ ဆရာတော်က "၁၉ ရက်နေ့ကျတော့ အချိန်တန်ရင် ကျုပ်ထွက်သွားမှာပါ။ လွမ်းစရာမရှိပါဘူးဗျာ။ လောကကြီးမှာ ပြီးရင် အားလုံးက ထားခဲ့ရမှာပါ" ဟု မဇ္ဈိမကို မိန့်ကြားခဲ့သည်။

ရန်ကုန်တိုင်း လွှတ်တော် ပြန်လည်စတင်မည်



ရန်ကုန် (မဇ္ဈိမ) ။       ။ တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများကို
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်စတင် တော့မည်ဖြစ်ရာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အထူးပြု ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။

ယခု တတိယအကြိမ် လွှတ်တော်အား ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့အထိ အချိန်ယူ ကျင်းပသွားမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ဘတ်ဂျက်သုံးစွဲမှုအား အပြီးသတ် ဆွေးနွေးမည်ဟု ယူဆနေကြခြင်းဖြစ်သည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ကန့်ကွက် ပယ်ချခြင်းခံခဲ့ရသော ရန်ကုန်တိုင်းအတွင်း သောက်သုံးရေ ဖူလုံရေးအဆို တင်သွင်းခဲ့သူ သင်္ကန်းကျွန်း (၁) ကိုယ်စားလှယ် ဦးကျော် က ၎င်းအဆိုကို ဆက်လက် မတင်သွင်းတော့ကြောင်း ပြောသည်။

“အခုတော့ ရန်ကုန်ရေပေးဝေရေးကို တမြို့လုံး လုပ်နေပြီဆိုတာ သိရပါတယ်။ ဒီကိစ္စတော့ ထပ်မဆွေးနွေး ဖြစ်တော့ ဘူး။ ဒီနေ့ခေါ်ပြောတဲ့ အစီအစဉ်အရဆိုရင် ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အချိန်စာရင်းပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးပွဲများ အပြီး သုံးလခန့် ရပ်နားခဲ့ ပြီးနောက် ယခု ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိသာ ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများတွင် အဆိုတင်သွင်းရာတွင် ပထမအကြိမ် အစည်းအဝေးတွင် တင်သွင်းခဲ့သည်များကို ဒုတိယအကြိမ်တွင် ဆွေးနွေးခဲ့ပြီး၊ ဒုတိယအကြိမ်တွင် ဆွေးနွေးခဲ့သည့် ဘတ်ဂျက် ခွဲဝေ သုံးစွဲရေး ကိစ္စကို ယခုအကြိမ်တွင် အချိန်ပိုရရှိသောကြောင့် အပြီးသတ် ဆွေးနွေးဖွယ်ရှိနေသည်။

သို့ရာတွင် ယခု လွှတ်တော်အစည်းအဝေးပွဲသို့ တင်သွင်းသည့် ကိုယ်စားလှယ်များ၏ အဆို များပြားသောကြောင့် အချို့အဆိုများကို တင်သွင်းခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၁၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်သော ၁၂ ဦးပါ အစိုးရအဖွဲ့ ဖွဲ့စည်းပေးထားသည်။

တိုင်ရီစက်ရုံ ထိုင်သပိတ် ပြေလည်မှုမရသေး



ချင်းမိုင် (မဇ္ဈိမ) ။       ။ တပတ်ကျော် ကြာသွားပြီဖြစ်သော တိုင်ရီဖိနပ်စက်ရုံ အလုပ်သမားများ၏ ထိုင်သပိတ် ဆန္ဒပြပွဲမှာ အလုပ်ရှင်နှင့် အလုပ်သမားများအကြား လုပ်ခလစာ ညှိနှိုင်းမှု မပြေလည်နိုင်သေးဘဲဖြစ်နေပြီး ဆန္ဒပြပွဲ ရက်ဆက်သွားမည့် အခြေအနေတွင် ရှိနေသည်။

တနင်္လာနေ့မနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် အပါအဝင် တိုင်းနှင့် မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ စက်ရုံပိုင်ရှင်နှင့် အလုပ်သမားများဖက်မှ ကိုယ်စားလှယ် ၃၈ ဦးတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသော်လည်း ထိုက်သင့်သည့် လစာနှုန်းထားထိ မရရှိ၍ ညှိနှိုင်းမှု မအောင်မြင်ခဲ့ပေ။

အလုပ်သမားများသည် မူလက စက်ရုံက သတ်မှတ်ပေးထားသည့် တနာရီလျှင် ၇၅ ကျပ်နှုန်းကို ၂၁၆ ကျပ်သို့ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း မရသဖြင့် ၁၅၀ ကျပ်သို့ လျှော့ချ တောင်းဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အလုပ်ရှင်ဘက်မှ ၁၀၀ ကျပ်ထက် ပိုမပေးဘဲ တင်းမာနေ၍ အဆင်မပြေရခြင်း ဖြစ်သည်။

“သူ့အနေနဲ့လည်း ထပ်တိုးမပေးနိုင်ဘူး။ သူပေးတဲ့ လစာကို ကျေနပ်မှ အလုပ်လာဆင်း၊ မကျေနပ်ရင် မဆင်းနဲ့၊ ဒီလို ပုံစံမျိုး သူတို့က ပြောတော့ ဆွေးနွေးမှုက အဆင်မပြေ ဖြစ်သွားတာ” ဟု အလုပ်သမားခေါင်းဆောင် တဦးဖြစ်သူ မမိုးဝေ က မဇ္ဈိမကို ပြောသည်။

အလုပ်သမများက အခြေခံ လစာ တိုးပေးရန်အပါအဝင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို
တောင်းဆိုထားကြသည်။

တိုင်ရီတွင် တနင်္လာနေ့မှ သောကြာနေ့ထိ မနက် ၇ ခွဲမှ ၉ နာရီထိ အလုပ်ဆင်းရသော်လည်း လုပ်အားခမှ ထိုက်တန်သည့် ခံစားခွင့် မရရှိသဖြင့် အလုပ်သမများအနေဖြင့် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“မိန်းခလေးတယောက် အဆောင်ငှားနေမယ်ဆိုရင် အဆောင်ခက အနည်းဆုံး ၈ ထောင် ရှိတယ်။ ထမင်းစရိတ်က ၂ သောင်းခွဲလောက် ရှိတယ်။ တခြား အထွေထွေ စားရိတ်နဲ့ဆိုရင် ၄ သောင်းကျော်လောက် ကုန်တယ်။ ရတဲ့လစာက လူဟောင်းမှ အမြင့်ဆုံးလစာက ၇ သောင်းပဲ ရှိတော့ အလုပ်လုပ်ပြီး ခံစားခွင့်က ဘာမှမရှိဘူး” ဟု မမိုးဝေ က မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများမှာ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ရခိုင်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့မှ အများဆုံးဖြစ်ပြီး ၎င်းတို့ ဒေသများအတွင်း အလုပ်အကိုင် မပြေလည်မှုများကြောင့် ရန်ကုန်မြို့ပေါ်တက်၍ အလုပ် လုပ်ကိုင်နေသူများဖြစ်ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ လုပ်အားခ တိုးမြှင့်ပေးရေးကိုလည်း ထိုက်သင့်သည့် တောင်းဆိုမှု ရရှိသည်အထိ ဆက်လက် တောင်းဆိုသွားမည် ဖြစ်ကြောင်းလည်း သူတို့ကပြောဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အလုပ်သမားညွှန်ကြားရေးမှူး ရုံးနှင့် တိုင်ရီစက်ရုံ တို့ကို မဇ္ဈိမက ဆက်သွယ် မေးမြန်သော်လည်း ဖြေကြားရန် ငြင်းဆိုခဲ့ကြသည်။

အလုပ်သမားအရေး ဆောင်ရွက် ပေးနေသည့် ရှေ့နေ ကိုဖိုးဖြူကလည်း အလုပ်သမားများ၏ ထိုက်သင့်သည့် အကျိုးခံစားခွင့် ရရှိသွားသည်အထိ ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမည်ဟု ဆိုသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်းကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြုံတွေ့ ခဲ့ရကြောင်းသိရပြီး ယခုအကြိမ်ဆန္ဒပြမှုသည် ရက်အရှည်ကြာဆုံးဖြစ်သည်။

ဖေဖေါ်ဝါရီလ ၆ ရက်နေ့က စတင်ခဲ့သော တိုင်ရီ ဖိနပ်စက်ရုံအလုပ်သမားများ ဆန္ဒပြမှု ၃ ရက်မြောက်အကြာတွင် ယင်းစက်မှုဇုန်အတွင်းရှိ New Way ဖိနပ် စက်ရုံနှင့် သုံးထပ်ကြီး အထည်ချုပ် စက်ရုံတို့တွင်လည်း လုပ်အားခ တိုးပေးရန် အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားခဲ့ပြီး အလုပ်ရှင်များနှင့် ညှိနှိုင်းပြေလည်သွားကြသည်။

အလုပ်အကိုင်ရရှိရေး ဦးစားပေးမယ်လို့ ဒေါ်စု ပြော



ချင်းမိုင် (မဇ္ဈိမ) ။       ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် အလုပ်အကိုင် ရှားပါးနေသည့် ကော့မှူးမြို့နယ်တွင်း ရှိ ပြည်သူများအတွက် အလုပ်အကိုင်ရရှိရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စနေနေ့က ပြောဆိုခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကော့မှူးမြို့နယ်သို့ စနေနေ့က သွားရောက်သည့် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း ဝါးသင်္ခကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်နိုင်ရန် လူထုအနေဖြင့် ပါတီအားထောက်ခံခြင်းဖြင့် ပါဝင်နိုင်ကြောင်း စည်းရုံးပြောဆိုသွားသည်။

“ကော့မှူးမြို့နယ်မှာဆိုရင် အရေးအကြီးဆုံး ကိစ္စကတော့ အလုပ်အကိုင် မရှိခြင်းပါပဲ။ အလုပ်အကိုင်ကို ပြည်သူတွေ အတွက် လုံလုံလောက်လောက် ရှိအောင်လို့ လုပ်ပေးရမှာဟာ ပထမဦးဆုံး တာဝန်တခုဖြစ်တယ်ဆိုတာ ကျမတို့ နားလည်ပါတယ်” ဟု NLD ဥက္ကဋ္ဌက ပြောဆိုသည်။

သူက ဆက်၍ “ကော့မှူးမြို့နယ်မှာ ဆိုလို့ရှိရင် ဘွဲ့ရပြီးသား လူငယ်များဟာ အများစုက အခုထက်ထိ အလုပ်အကိုင် မရရှိသေးဘူးဆိုတာ ကျမတို့ သိရပါတယ်။ ဘွဲ့ရလူငယ်တွေ၊ ဘွဲ့မရသေးတဲ့ လူငယ်တွေ၊ လူလတ်တွေ၊ လူကြီးတွေ၊ အလုပ် လုပ်ချင်တဲ့ လူတွေ၊ အလုပ်လုပ်ဖို့ လိုတဲ့လူတွေ အလုပ်လုပ်နိုင်ဖို့ဟာ ပထမဦးစားပေးပြီးတော့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က လုပ်သင့်တယ်လို့ ဒီလိုပဲ ကျမတို့ခံယူပါတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ကြမ်းတမ်းခက်ခဲမည့် နိုင်ငံရေးခရီးရှည်အတွင်း ပြည်သူလူထုအနေဖြင့် NLD ပါတီနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပြီး ပြည်သူများ၏ လိုအပ်ချက်များ၊ စိုးရိမ်ကြောင့်ကြမှုများနှင့်
မျှော်လင့်ချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အသိပေးစေလိုကြောင်း ပြောဆိုသွားခဲ့သည်။

ပါတီ၏ တတိယမြောက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကော့မှူးမြို့နယ်သို့ သွားရောက်ခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဒေသခံများသာမက ရန်ကုန်၊ ဒလ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒေးဒရဲ စသည့် မြို့နယ်များမှ ပြည်သူများပါ လိုက်လံအားပေး ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ရန်ကုန်မြို့မှ အထွက် လှိုင်သာယာမြို့နယ် အစပ်မှ စ၍ အိုးစည်ဒိုးပတ်ဝိုင်းများ၊ ကရင်ဒုံးယိမ်းအကများဖြင့် ကြိုဆို နှုတ်ဆက်သူများ၊ လိုက်လံပို့ဆောင်သည့် ယာဉ်တန်းများ များပြားသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ယာဉ်တန်းသည် ရန်ကုန်မြို့မှ မိုင် ၄၀ ဝန်းကျင် ခန့်သာ ကွာဝေးသည့် ကော့မှူးမြို့နယ် ဝါးသင်္ခ ကျေးရွာသို့ ၆ နာရီခန့်မျှ သွားခဲ့ရသည်။

“လိုက်ပို့တဲ့ ယာဉ်တန်း ကားစီးရေ ၂၀၀ ကျော် ၃၀၀ လောက်ရှိမယ် ဆိုင်ကယ်တွေက ထောင်နဲ့ချီရှိမယ်။ ယာဉ်တန်း အရှည်ကိုက ၁ မိုင်ခွဲ ၂ မိုင်လောက် အရှည်နဲ့ ရှိတယ်။ လမ်းတလျှောက်လုံး နှုတ်ဆက်နေတဲ့သူတွေနဲ့ အန်တီကလည်း ပြန်နှုတ်ဆက်တာနဲ့ဆိုတော့ ကားကို ဘီးလှိမ့်ယုံပဲ မောင်းလို့ရတယ်။” ဟု သွားရောက် သတင်းယူသည့် မဇ္ဈိမ သတင်းထောက်က ပြောသည်။

ဝါးသင်္ခကျေးရွာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောဆိုရာသို့ လာရောက်သည့် ပရိသတ် ၂ သောင်းဝန်းကျင်ခန့်ရှိပြီး ဝါးသင်္ခကျေးရွာမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မဆည်ဆိပ်၊ ငှက်အော်စမ်း စသည့် ကျေးရွာများသို့ သွားရောက်ခဲ့သေးကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ တရက်အလို မတ်လ ၃၁ ရက် ည တွင် ဝါးသင်္ခကျေးရွာ၌ ညအိပ် တည်းခိုမည်ဖြစ်ပြီး နောက်တရက်တွင် ဝါးသင်္ခကျေးရွာ ကိုယ်စားပြု၍ မဲပေးမည် ဖြစ်သည်။

ကော့မှူးမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက ယှဉ်ပြိုင်မည့် အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာ စိုးမင်း သည် ပါတီမှ ဖွင့်လှစ်ထားသည့် ဖြိုးစေတနာ ဆေးခန်းတွင် လုပ်ကိုင်ပြီး လူထု စည်းရုံးမှုအဖြစ် ၂၀၁၀ ရွေးကောက်ပွဲ ကာလ နောက်ပိုင်းတွင် အခမဲ့ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဗမာလည်း တိုင်းရင်းသားဖြစ်၊ စစ်မှန်တဲ့ ပြည်ထောင်စု ဒေါ်စု တည်ဆောက်လို


   


တရားဝင် နိုင်ငံရေးပါတီများ ဖြစ်ကြသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ကယန်းအမျိုးသားပါတီ တို့က ပူးပေါင်းကျင်းပသည့် ၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျမတို့နိုင်ငံဟာ တိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ဖြစ်ပါတယ်။ ဒါပေမယ့် ကျမတို့ဟာ စစ်မှန်တဲ့ပြည်ထောင်စုကိုရမှ လွတ်လပ်တဲ့ ပြည်ထောင်စု၊ သာယာတဲ့ ပြည်ထောင်စု ဖြစ်မှာပါ။ ဒီလိုဖြစ်ဖို့ တိုင်းရင်းသားတွေ အားလုံး တန်းတူညီမျှ ရှိရပါမယ်။ ဗမာလည်း တိုင်းရင်းသားပါပဲ။ လူများစု ဖြစ်နေတာပဲပေါ့။ ကျမတို့ ပြည်ထောင်စုဟာဟာ ခွဲခြားတာကို မရှိရဘူး။ ကွဲပြားတာတော့ လက်ခံတယ်”ဟု ပြောကြားခဲ့သည်။

မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် စားသောင်ခန်းမတွင် ပြုလုပ်သော အဆိုပါ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးစုံ ပရိသတ် ၅၀၀ ကျော် တက်ရောက်လာကြသည်။ ဤသို့ တိုင်းရင်းသားစုံလင်စွာ တက်ရောက်လာခြင်းကို ကောင်းသော လက္ခဏာအဖြစ် ရှုမြင်ပြီး လူငယ်များ၏ အရေးပါပုံကိုလည်း ထည့်သွင်း ပြောဆိုသွားသည်။

“ကျမတို့က တန်းတူညီမျှတဲ့ လုံခြုံမှုရှိတဲ့ အပြန်အလှန် လေးစားတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ချင်တယ်။ အဲဒီအတွက် အဓိကကတော့ လူငယ်တွေဖြစ်တယ်။လူငယ်တွေ အရေးကြီးတယ်။ပြည်ထောင်စုကြီးဟာ ငါတို့ လက်ထဲ မှာ ရှိပါလားဆိုတဲ့ စိတ်ဓါတ်ရှိဖို့ လူငယ်တွေကို မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွား သည်။

အခမ်းအနားသို့ NLD မှ ဒေါ်အောင်ဆန်းစုကြည် အပြင် ဦးတင်ဦးနှင့် ဦးဝင်းထိန်တို့လည်း တက်ရောက်ခဲ့ကြသည်။

Friday, February 10, 2012

‘နောက်ကြည့်မှန်’၊ ‘ငယ်ချစ်’ နဲ့ ‘ဒေါင်းအလံ’


  

(မင်းကိုနိုင်နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။         ။ “နေစောင်းရင် ဖေသောင်းတို့ အရေတောင်းပြီ…” ဟု စာငတ်သော ဝရမ်းပြေး
ကျောင်းသား ခေါင်းဆောင်နှင့် တောသူမလေး ညို တို့၏ သံယောဇဉ်...။ အရေးတော်ပုံ နောက်ခံကား၊ သပိတ်တပ်သားတို့၏ အောင်ပွဲ…

“ရှင့်အတွက် မှန်တချပ် လှူချင်လိုက်တာ”

“ရှင့်ရုပ်ကို ပြန်ကြည့်ဖို့ မဟုတ်ဘူး။ ကျောခိုင်းရာမှာ ဘာဖြစ်ကျန်ရစ်မှန်း မသိသူတွေအတွက် နောက်ကြည့်မှန်တချပ် လှူချင်တာ”

ခေတ်က ဖြတ်သန်းဆဲပင်…။

သမိုင်းခေတ်တခုကို အမှတ်မဲ့ မဖြတ်သန်း။ အနုပညာဖြင့် မှတ်တမ်းတင်လေ့ရှိသူမှာ စာရေးဆရာပင် ဖြစ်တော့ သည်။ ကျောင်းသားခေါင်းဆောင် ‘မင်းကိုနိုင်’ ကား တအုပ်တည်းနှင့် စာရေးဆရာ မည်ထိုက်စွာ။

သူ့ကဗျာ၊ သူ့ပန်းချီ၊ သူ့ဝတ္ထု၊ နောက် သူ့မိန့်ခွန်းမှာပင် အနုပညာ ပါသည်။ ကျောင်းရယ်၊ ဒေါင်းရယ်၊ ရင်ခွင်ရယ်… တွင်တွင်သုံးသည်။ သို့သော် လူထုကို အိပ်ငွေ့ချသော အနုပညာမဟုတ်။

အနုပညာကို ‘ငယ်ချစ်’တဲ့။ သို့သော် မိဘများက ‘ဒေါင်းအလံ’ နဲ့ ပေးစားလိုက်သတဲ့။

ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် စာရေးဆရာ မင်းကိုနိုင်တို့၏ ငယ်ချစ်အပေါ် သံယောဇဉ်နှင့် အိမ်သူအပေါ် သစ္စာတို့ကို သိရှိနိုင်ရန် မဇ္ဈိမ သတင်းထောက် ကိုပေါက် က ဆက်သွယ်မေးမြန်းထားသည်။ မအားလပ်သည့်ကြားမှ အချိန်လု၍ ဖြေကြားပေးထားသည်။

ကိုမင်းကိုနိုင် က သံချပ်လည်း ထိုးတယ်၊ ကဗျာလည်း ရေးတယ်၊ ဝတ္ထုလည်း ရေးတယ်။ ဆိုတော့ဗျာ…

ပန်းချီလည်း ဆွဲတယ်လေဗျာ။

ဟုတ်သားပဲ။ ပန်းချီလည်း ရေးတယ်။ ဝတ္ထုလည်း ရေးတယ်။ ‘နောက်ကြည့်မှန်’ဝတ္ထုက နောက်ပိုင်းခေတ်တွေ ဆက်ရေးလို့ ရသေးတဲ့သဘော တွေ့ရတယ်။ ဆက်ရေးဖို့ စိတ်ကူးရှိလားဗျ။

ဒီလိုပါဗျာ။ ‘နောက်ကြည့်မှန်’ ဆက်ရန်ရှိသေးတဲ့သဘောက စာဖတ်သူရဲ့ခံစားမှု ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ ကျနော်က အဲဒီလောက်နဲ့ပဲ တော်ရင် ပိုပြီးတော့ သင့်မယ်လို့တောင် တွေးတယ်ဗျ။ ကျနော်ကိုယ်တိုင် သံယောဇဉ်
ဖြစ်နေတဲ့ ကိစ္စကြီးဆိုတော့၊ ကျနော်တို့ကို သံယောဇဉ်က ပေးတာတွေက ကြည်နူးစရာတွေထက် ဆွေးမြေ့စရာတွေ
က ပိုများနေလို့ပါဗျာ။

ဒီစာအုပ် ရေးခဲ့တုန်းက ဘယ်လိုစိတ်စေတနာမျိုးနဲ့ ရေးခဲ့လဲဗျ။

၈၈ အာဏာသိမ်းပြီးကာစမှာ ရေးတာပါ။ အဲတုန်းက ကျနော်တို့က ကျောင်းသားဘဝ ၂ဝ ကျော်ပဲ ရှိကြသေးတော့ ငယ်သူအတွေးနဲ့ ငယ်သူအရေးတွေပါပဲ။ နောက်ဆုံးတခန်းကျမှ ကျနော် ပထမဆုံးအကြိမ် ထောင်ကလွတ်လာတဲ့ ၂ဝဝ၅ လောက်ကျမှ နောက်ဆုံးတမျက်နှာကို ရေးတာ။ မခင်အေး က ကလေး နှစ်ယောက် ရပြီးတော့ ရထားပေါ် ကနေ ရေအိုးစင်လေးတွေ လိုက်ရှာနေစဉ်မှာ ရေသန့်ဗူးတွေ ပေါ်လာပြီ ဆိုတာလေးကို ရေးလိုက်တာလေ။

အကြောင်းအရာ ရွေးချယ်တာ၊ တင်ပြတာက ဆရာဗန်းမော်တင်အောင်တို့၊ ဆရာမြသန်းတင့်တို့ရဲ့ ပုံစံမျိုးတွေ့ရ ပါတယ်။ ဒီဆရာတွေရဲ့စာပေသြဇာရော ဘယ်လောက်ရှိခဲ့လဲဗျ။

သူတို့တင် မကဘူးဗျ။ ကျန်တဲ့ရသစာပေနယ်က ဆရာတွေရဲ့သြဇာတွေလည်း ကျနော့်အပေါ် သက်ဝင်ကောင်း သက်ဝင်နေပါလိမ့်မယ်။ ခုနက ခင်ဗျား ရွေးမေးသွားတဲ့ ဆရာနှစ်ပါးရဲ့သြဇာလည်း မကင်းဘူးဆိုတာ ဝန်ခံပါတယ်။ ကျနော်ကတော့ တတ်နိုင်သမျှ လွတ်လွတ်လပ်လပ် တွေးပြီး၊ လွတ်လွတ်လပ်လပ် ရေးလိုက်တာပါပဲ။ ဒါပေမယ့် ဘယ်သူပဲဖြစ်ဖြစ်ပေါ့ အရင်ဆုံးလက်ရာ ဆိုတာမျိုးကတော့ ရှေးရှေ့က ရှိခဲ့တဲ့ အစဉ်အလာတွေပေါ်မှာတော့
ဖောက်ထွက်ဖို့ဆိုတာ အင်မတန်ခက်ပါလိမ့်မယ်။ တခုတော့ ရှိတယ်ဗျ။ ကျနော် ဒီစာကို ရေးတာက အသက် ၂၆ နှစ် အရွယ်မှာ ရေးလိုက်တာ။ တလုံးတပါဒမှ ပြန်ပြင်ထားခြင်းမရှိဘူးဗျာ။ ပထမဆုံး အကြမ်းစရေးတဲ့ လက်ရေးမူ ကိုပဲ ရိုက်ဖြစ်သွားတာဗျ။ တခါတည်း ပုံနှိပ်ခံလိုက်ရတာမျိုးဆိုတော့ ကျနော့်အတွက်တော့ အရိုးခံ အတိုင်းပဲ ဖြစ်နေတာ
တော့ အမှန်ပဲလေ။

ဗိုလ်ချုပ်အောင်ဆန်းလည်း တိုင်းပြည်လွတ်လပ်ရေးရပြီးရင် စာရေးဆရာပဲ လုပ်မယ်လို့ စိတ်ကူးခဲ့ဖူးပါတယ်။ ဒီလိုပဲ စစ်နဲ့တော်လှန်ရေးကို ဖြတ်သန်းခဲ့ကြတဲ့ သိန်းဖေမြင့်၊ သခင်ဗဟိန်း၊ ဗိုလ်မှူးချစ်ကောင်း၊ ဦးနု၊ မြသန်းတင့် စသဖြင့် စာရေးကောင်းကြပါတယ်။ ကိုမင်းကိုနိုင်တို့ရော စာပေဆက်လက်ရေးသားနေဖို့ရော စိတ်ကူးရှိလားဗျ။

အနုပညာက ကျနော့်ရဲ့ ငယ်ချစ်ပဲလေဗျာ။ အနုပညာထဲကနေ ထွက်လာပြီးတော့သာ ဒေါင်းအလံ ကိုင်မိလျက်သား
ဖြစ်သွားပြီးတော့ တလျှောက်လုံး ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ပါလာတာကိုး။ ကျနော့်ရဲ့ မူရင်းဖြစ်တဲ့ အနုပညာကို တနေ့မဟုတ်တနေ့မှာ အရောက်ပြန်သွားမှာ။ လောလောဆယ်လည်း အချိန်များရရင် ရသလောက် လုပ်ဖို့ စိတ်ကူးရှိ တယ်။ ဒါပေမယ့် လက်တွေ့ဘဝမှာတော့ အချိန်မရဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ဒီ နိုင်ငံရေးလှုပ်ရှားတယ်ဆိုတာ အင်မတန် ဖိစီးပါတယ်ဗျာ။ လူတယောက်ရဲ့ ဘဝတခုလုံးနီးပါးလောက် ပေးရတာကိုးဗျ။ အနုပညာဆိုတာ ကျနော့် ငယ်ချစ်ပါ။ ငယ်ချစ်ကို မပေါင်းခဲ့ရဘဲ ‘ဦးနှောက်’ ဆိုတဲ့ မိဘတွေက ပေးစားလိုက်တဲ့ နိုင်ငံရေးခေါ်ခေါ်၊ ဒီမိုကရေစီ အရေးခေါ်ခေါ် လှုပ်ရှားမှုကြီးနဲ့ ညားပြီးတော့ ဒီနေ့ထိ ခရီးသွားနေရတာကိုး။ ကျနော့်အဖြစ်က အဲဒါပါပဲ။ တချိန်မှာ
တော့ ငယ်ချစ်ဆိုတဲ့ အနုပညာနဲ့ ပြန်တွေ့ချင်တယ်ဆိုတာ အဲဒါကို ပြောတာပါ။

ဒီလို အနုပညာသမားတယောက်လည်းဖြစ်တယ်၊ နိုင်ငံရေးဦးဆောင်မှုလည်း ပေးနေရတယ်။ စာပေဝေဖန်ရေးတွေ မှာ စံနှစ်ရပ်ဖြစ်တဲ့ နိုင်ငံရေးစံနဲ့ အနုပညာစံ တိုင်းထွာအကဲဖြတ်ကြတော့ ကိုမင်းကိုနိုင်ရော ဒီစံနှစ်ရပ်အပေါ် ဘယ်လိုသဘောထားလဲ။

စာတပုဒ်၊ အနုပညာတရပ်ဟာ လူသားတွေရဲ့ စာရိတ္တပိုင်းဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာကို အဆိပ်အတောက် မဖြစ်ဘူးဆိုရင် ရတယ်။ ကျနော်ကတော့ တခြားပေတံနဲ့ မတိုင်းတော့ဘူး။ အနာဂတ်အတွက် လူတွေရဲ့ အသိတရား ဆိုင်ရာ၊ စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ အဆိပ်အတောက်ဖြစ်တယ်ဆိုရင်တော့ နိုင်ငံရေး ပါပါ/မပါပါ ကျနော် လက်မခံနိုင်ဘူး။ အဆိပ်အတောက် မဖြစ်ဘူးဆိုရင်တော့ အနုပညာကိုပဲ ကြည့်မှာပါ။ အနုပညာသမားတယောက်အနေနဲ့ တွေးရင်တော့ ဒီအတိုင်းပဲ ကျနော် အမြဲအဖြေပေါ်ပါတယ်။

သံချပ်တွေ ထိုးခဲ့တုန်းက ဘယ်လိုစတိုင်နဲ့ ထိုးခဲ့လဲဗျ။

ရန်ကုန်၊ အောက်ပိုင်းဟန်မျိုးလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီတုန်းက ကျနော်တို့ရဲ့ မြင်ဆရာတွေ ရှိပါတယ်။ ပြောရင် လည်း မကုန်လို့ပါ။ သင်္ကြန်ကို တကယ်ချစ်ပြီးတော့ တနှစ်တာ ရှာဖွေထားတာလေးတွေကို အကုန်ခံ၊ အပြုတ်ခံ ပြီးတော့ တကယ်ထိုးခဲ့ကြတဲ့ သင်္ကြန်ဆရာသမားတွေ ရှိပါတယ်။ ဥပမာပြောရရင် ဆရာမောင်စိမ်းနီ တို့ရဲ့ကားဆိုရင်
ရောက်ရာအရပ်မှာ ကျနော်တို့ကားကို ရပ်ပြီးတော့ ကြည့်ခဲ့ရတဲ့ ကျနော်တို့ရဲ့ မြင်ဆရာ၊ ကြားဆရာတွေပေါ့ဗျာ။ အဲလို အများကြီးရှိပါတယ်။ နာမည်တွေ ဆက်ပြောရင် ကျန်သွားမှာစိုးလို့ပါ။ သူတို့တတွေ ရှေ့ကနေ အစပြုခဲ့တဲ့ ဟန်တွေ အတိုင်း လိုက်ကြတာပါ။ လောကကြီးတခုလုံးကို သရော်တဲ့အမြင်၊ ဟာသရှုဒေါင့်က ကြည့်တာမျိုးတော့ ပါတာပေါ့။ ကျနော်တို့ တကယ်ကြိုက်တာကတော့ လောကကို ငြိမ်းချမ်းရေးအမြင်၊ တရားမျှတရေးအမြင်နဲ့ကြည့်ပြီးတော့မှ အဲဒီအပေါ်မှာ တိုက်ပွဲဝင်ရဲတဲ့ သံချပ်မျိုးကို ကျနော်တို့ ပိုကြိုက်ပါတယ်။

ဒီနှစ်အတွက် သံချပ်တွေ ထိုးဖို့ စိတ်ကူး စီစဉ်ထားတာ ရှိလားဗျ။

အရင် သံချပ်လောကကနေ ဒီနေ့ စာပေ၊ ရုပ်ရှင်လောကတွေထဲကို ရောက်လာတဲ့ပုဂ္ဂိုလ်တွေကတော့ သင်္ကြန်ပိုးတွေ
တော်တော်ထနေပြီလို့ သိရတယ်ဗျ။ အနည်းဆုံးတော့ ကျနော့်မှာရှိတဲ့ အတွေးတွေ၊ အမြင်တွေကို ကိုယ်တိုင် ထုတ်ပြခွင့် ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ အဲဒီဆရာတွေ ထုတ်ပြမယ်ဆိုရင်တော့ ကျနော် သွားပြီး အားပေးရမှာပဲ။ ကျနော် သွားမျှော်ပြီးတော့ စိတ်ကြိုက် လွင့်ပါခံစားဦးမှာပေါ့ဗျာ။

သံချပ်အပေါ် သဘောထားရောဗျာ။ ဒီသံချပ်က သင်္ကြန်နဲ့ ပွဲလမ်းတွေမှာ ဘယ်လောက် အရေးပါတယ်ဆိုတာ။

ဒါက ရှိကိုရှိရမှာဗျ။ တိုင်းပြည်တပြည်မှာ သံချပ်ဆိုတာ ရိုးရိုးလေး၊ ပြည်သူလူထုရဲ့ အော်သံပဲ၊ ပြည်သူလူထုရဲ့ ရင်ဖွင့်သံပဲ။ ပြည်သူ့ဘဝတွေက ဘယ်လိုရှိနေတယ်၊ ပြည်သူတွေ ဘာဖြစ်ချင်တယ် ဆိုတာကို သံချပ်နဲ့ ဖော်ထုတ် တာက နှစ်ပေါင်းများစွာ ကျနော်တို့ မြန်မာ့ယဉ်ကျေးမှုမှာ ရှိလာခဲ့တဲ့ အစဉ်အလာကောင်းပေါ့ဗျာ။ အဲဒါကို ဒီအမှောင်ခေတ်ကြီးတလျှောက်လုံးမှာ (အထူးသဖြင့်ဗျာ) စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် ၁၉၈၉ ကနေ အပိတ်ခံရတာပဲဗျ။ ဒီနေ့ ဒီမိုကရေစီကို သွားပြီ၊ ချီတက်ပြီဆိုတဲ့ အချိန်မျိုးမှာတော့ ဖွင့်ကို ဖွင့်ပေးရမယ်ဗျာ။ ခွင့်ကို ခွင့်ပြုရမယ်ဗျာ။ ကျနော်တို့ သံချပ်သမားတွေဘက်ကလည်း ပြည်သူ့ကိုယ်စား အော်နိုင်ဟစ်နိုင် သီကြွေးနိုင်ဖို့၊
ပြည်သူ့ကိုယ်စား ငြိမ်းချမ်းရေးစကားတွေ ပြောနိုင်ဖို့အတွက် ကိုယ်တိုင်လည်း ဖန်တီးယူရမယ်။ သူများပေးမှ ရမယ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲ၊ မိမိရဲ့ မူလအခွင့်အရေးအဖြစ်နဲ့ သင်္ကြန်သံချပ်တွေကို ဖန်တီးကြဖို့ လိုတယ်လို့
မြင်ပါတယ်ဗျာ။

အခုရော ရေးထားတဲ့စာတွေ ရှိလားဗျ။ မထုတ်ရသေးတာတွေ။

မရှိသေးဘူးဗျ။ ကဗျာတွေပဲ အဟောင်းတွေ ပြန်ရှာနေတာ။

ဖြည့်စွက်ပြောချင်တာများ ရှိသေးလားခင်ဗျ။

ကျနော်အခု Facebook တခု လုပ်မယ်။ အဲဒီမှာ ကျနော့်ရဲ့ ဘဝတခုလုံးဆိုတဲ့ အိမ်ကြီးတော့ မဟုတ်ဘဲနဲ့ အနုပညာ ဆိုတဲ့ အခန်းလေးတခန်းပဲ ဖြစ်လိမ့်မယ်။ တခြားအကြောင်းတွေ မပါဘဲနဲ့ ကျနော့်ရဲ့ ပန်းချီလက်ရာ၊ ကဗျာလက်ရာ၊ အတွေးလေး၊ ကာတွန်းလေး၊ ဓါတ်ပုံလေး ဖြစ်လိမ့်မယ်။ အနုပညာသပ်သပ် အခန်းလေးတခန်းကိုတော့ ကျန်တဲ့သူတွေ ဝင်ပြီးတော့ မျှဝေခံစားနိုင်လိမ့်မယ်။ သို့သော် ကျနော့်ဘဝတခုလုံး၊ အိမ်တခုလုံး ဖော်ပြနိုင်မှာမဟုတ်ဘူး။

Facebook နာမည် ဘာဖြစ်မလဲဗျ။

၈၈ မင်းကိုနိုင်ပဲ ဖြစ်လိမ့်မယ်။ ၈၈၈၈ မင်းကိုနိုင် ဖြစ်လိမ့်မယ်။ စမ်းတော့ စမ်းကြည့်ထားပြီးပြီ။ အကုန်မတင်ရသေးဘူး။

ဖွံ့ဖြိုးရေးလုပ်ရန် ဗဟု ခေါင်းဆောင်တို့ ပြည်တော်ပြန်



ချင်းမိုင်(မဇ္ဈိမ) ။        ။ ထိုင်းနိုင်ငံ အခြေစိုက် ဗဟု ဖွံ့ဖြိုးရေးအဖွဲ့ကို တည်ထောင်သူများ ဖြစ်သည့် ဦးဇော်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦးတို့သည် ဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ သောကြာနေ့တွင် ပြန်လည် ထွက်ခွာသွားပြီ ဖြစ်သည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ရပ်ရွာဖွံ့ဖြိုးရေး လုပ်ငန်းများမှအစ နိုင်ငံ၏ စီးပွားရေး မူဝါဒများအထိ လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက် မြှင့်တင်နိုင်ရန် သင်တန်းများကို မြန်မာနိုင်ငံအတွင်း ပို့ချပေးနိုင်ရန်လည်း ရည်ရွယ်သည်ဟု အဖွဲ့၏ Senior Staff ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“မူဝါဒနဲ့ ပါတ်သက်တဲ့ သုတေသန၊ မူဝါဒတွေနဲ့ ပတ်သက်လို့ တိုက်တွန်း၊ စည်းရုံး ပြောဆိုတာပေါ့။ အရည်အသွေး မြှင့်တင်ရေး သင်တန်းတွေပေါ့။ ဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မြန်မာပြည်ထဲမှာ ကျနော်တို့ ဒီကိစ္စတွေ တိုးပြီးတော့ လုပ်လို့ရမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။

ဦးအောင်သူငြိမ်းက ဦးသိန်းစိန် အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အမှန်တကယ် လုပ်ဆောင်နေသည် ဟု ယူဆပြီး၊ အောက်ခြေ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ အရည်အသွေးများ မြှင့်တင်ရန် လိုအပ်သည်ဟုလည်း ပြောသည်။

“ဒေသန္တရ အုပ်ချုပ်ရေးပေါ့။ အထူးသဖြင့် အပေါ်မှာ ပြောင်းတာ တပိုင်းပေါ့၊ အောက်ခြေမှာ ကိုယ်တိုင်ကိုယ်က အားကောင်းလာဖို့ လိုတာပေါ့။ အောက်ခြေစနစ် အုပ်ချုပ်ရေးတွေကစလို့ ပိုပြီးတော့ လုပ်နိုင်ကိုင်နိုင်အောင်လို့ အဲဒီလို သင်တန်းတွေ ပေးဖို့ရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဦးအောင်သူငြိမ်းတို့သည် ၁၉၈၈ အရေးအခင်း အပြီးတွင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေါင်းဆောင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူများလည်းဖြစ်သည်။

သူတို့နှစ်ဦးသည် မြန်မာနိုင်ငံသို့ ပြန်မရောက်သည်မှာ ၂၃ နှစ်ကျော် ရှိပြီးဖြစ်ပြီး ယခုခရီးသည် ပထမဆုံး ပြည်တော်ပြန် ခရီးဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံတွင် သီတင်းနှစ်ပတ်ကြာနေထိုင်မည့် ဦးအောင်သူငြိမ်းနှင့် ဦးအောင်နိုင်ဦး တို့သည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ အစိုးရ တာဝန်ရှိသူများနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဗဟု မှ မည်သို့ ကူညီနိုင်မည်ကို တိုင်ပင် ဆွေးနွေးသွားမည်ဟုလည်း သိရသည်။

နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း၊ NLD ပါတီကို မှတ်ပုံတင်ခွင့်ရရန် ရွေးကောက်ပွဲ ဥပဒေများ၏ အချို့ အပိုင်းများကို ပြင်ဆင်ပေးခြင်းတို့ကို ရည်ညွှန်း၍ မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လမ်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အစိုးရ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ယုံကြည်သည်ဟုလည်း ဦးအောင်သူငြိမ်းက မဇ္ဈိမကို ပြောသည်။

“အစိုးရ ကိုယ်တိုင်ကလည်း အားတိုက်အင်တိုက်ပေါ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာပေါ့။ ကျနော် အခု လက်ရှိ သမ္မတ ဦးသိန်းစိန်တို့ တချို့ခေါင်းဆောင်တွေက သူတို့ ပြောင်းချင်တယ်ဆိုတာကို တစိုက်မတ်မတ် လုပ်နေတယ် ဆိုတာတော့ ကျနော်ယုံပါတယ်" ဟု ပြောသည်။

အဆိုပါ အပြောင်းအလဲများအတွက် အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ မူတည်မနေဘဲ တည်ငြိမ်သည့် အပြောင်းအလဲများ ဖြစ်ရန်၊ ယခုထက် ပိုမိုတိုးတက်ရန်တို့အတွက် လူအများ၏ ပညာအရည်အချင်းနှင့် အရည်အသွေး များလည်း မြှင့်တင်ပေးရန်လိုသည်ဟု ဦးအောင်သူငြိမ်းက ယူဆသည်။

ဗဟု ဖွံ့ဖြိုးရေးအဖွဲ့သည် ပြည်တွင်းမှ သင်တန်းသားများကို ခေါ်ယူ၍ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘာသာရပ်များကို ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်နှင့် ချိတ်ဆက်၍ သင်တန်းများ ပေးနေသည်ဟုလည်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် လူမှုဖွံ့ဖြိုးရေး အစီအစဉ် Community Development and Civic Empowerment (CDCE) တွင်လည်း ပြည်တွင်းမှ သင်တန်းသားများ ခေါ်ယူ၍ သင်တန်းများ ဖွင့်လှစ် ပို့ချပေးနေသည်။

ဗဟုအဖွဲ့တွင် ဒေါက်တာဇော်ဦး၊ ဦးအောင်နိုင်ဦး၊ ဦးတင်မောင်သန်း၊ ဦးအောင်သူငြိမ်း တို့ ပါဝင်ပြီး မြန်မာနိုင်ငံ၏ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ABSDF နှင့် အစိုးရ ကိုယ်စားလှယ်တို့ အကြိုဆွေးနွေးပွဲ ပြုလုပ်



ချင်းမိုင်(မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (ကျောင်းသား တပ်မတော်) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် အကြိုတွေ့ဆုံဆွေးနွေးပွဲကို နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့များက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ABSDF ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်များက ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖေါ်ဆောင်နိုင်ရေးတို့ကို အကြိုသဘောဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်း က ပြောသည်။

“အခြေခံအားဖြင့်တော့ ရှေ့ဆက်ပြီး နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ပြဿနာတွေ ဆွေးနွေးနိုင်ဖို့အတွက် အဓိကထားပြီး အကြိုသဘော ဆွေးနွေးဖြစ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ယခုဆွေးနွေးပွဲသည် ပဏာမ တွေ့ဆုံခြင်းဖြစ်ပြီး အပစ်ရပ်ရေး အပါအဝင် နိုင်ငံရေးအရ နှစ်ဖက်ညှိနှိုင်းဖေါ်ဆောင်ရ မည့် ကိစ္စရပ်များကို အကောင် အထည် ဖေါ်နိုင်ရန် ဒုတိယအကြိမ် တွေ့ဆုံပွဲတွင် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း ABSDF  ထံမှ သိရသည်။

“ကျနော်တို့ အစစ်အမှန်ဆွေးနွေးရမယ့် ညှိနှိုင်းရမယ့် နိုင်ငံရေးကိစ္စတွေ အားလုံးကို ဒုတိယ အဆင့်မှာပဲ ဆွေးနွေးမယ်။ အခုဆွေးနွေးပွဲကလည်း ဒုတိယအဆင့်ကို သွားနိုင်ဖို့ ပြင်ဆင်တဲ့ အနေအထားပဲ ရှိပါတယ်။ ရက်ကိုတော့ နှစ်ဖက် အားတဲ့ရက်ကို ညှိနှိုင်းပြီး လုပ်ကြမှာပါ။ ခုတော့ သတ်မှတ်ထားတာ မရှိသေးပါဘူး” ဟု ဦးမျိုးဝင်း က ပြောသည်။

ယင်းသို့တွေ့ဆုံရာတွင် တင်ပြဆွေးနွေးကြမည့် အချက်များကို ABSDF တာဝန်ရှိသူများအကြား ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ရဦးမည်ဟု သိရသည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေး စားပွဲဝိုင်းတွင် ‘တန်းတူညီတူ’ ဆွေးနွေးမည်ဟု ဖော်ပြပါရှိသော ကမ်းလှမ်းစာကို
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်း ကိုယ်စား ဒုဗိုလ်မှူးကြီးဟောင်း စောခင်စိုး လက်မှတ်ထိုး၍ ဇန်နဝါရီ ၁၀ ရက်နေ့စွဲဖြင့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့သည်။

ABSDF ကလည်း ၎င်းတို့အနေဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဖက်ဒရယ်
ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စသည့် နိုင်ငံရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း အကြောင်းပြန်စာ ပို့ခဲ့ပြီးနောက် ယခုကဲ့သို့ ဆွေးနွေးပွဲ ဖြစ်ပေါ်လာခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။

ABSDF အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရတို့ ဇန်နဝါရီ ၁၂ ရက် နေ့က ဘားအံမြို့တွင် အပစ်ရပ်ရေး ဆွေးနွေးသဘောတူခဲ့ကြသည်။

၁၉၈၈ ဒီမိုကရေစီအုံကြွမှုကြီးမှ ကျောင်းသားလူငယ်များဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် မိမိအဖွဲ့တွင်းနှင့် ပြည်တွင်း/ပြည်ပ ကျောင်းသားလူထု၏ သဘောထား အကြံဉာဏ်များ ရယူခဲ့ပြီးမှ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တစည ၏ အဓိကပြိုင်ဖက် ကြံ့ခိုင်ရေးနှင့် NLD ဖြစ်



ရန်ကုန် (မဇ္ဈိမ) ။         ။ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) အတွက် အဓိက ယှဉ်ပြိုင်ရမည့် ပါတီကြီးနှစ်ခုမှာ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ဖြစ်ကြောင်း တစည တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောကြားလိုက်သည်။

သောကြာနေ့ မနက်က ပြုလုပ်သည့် တစည ပါတီ၏ ပြည်ထောင်စုနေ့ အကြို အခမ်းအနားတွင် သတင်းထောက်များ ကို ဦးခင်မောင်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲကတော့ အရင်ရွေးကောက်ပွဲတွေထက် ထူးခြားမှာပါ။ အင်အားကြီး ပါတီက ကျနော်တို့အပြင် NLD လည်း ပါဝင်လာပြီ။ ပြီးတော့ ၂၀၁၀ တုန်းက မတိုးနိုင်ခဲ့တဲ့ ပါတီသေးလေးတွေလည်း ပိုပြီး အင်အားတောင့်တင်းလာတယ်။ ဒီတခါ ပြိုင်ဆိုင်မှုတွေက များလာမယ်။ ပိုပြင်းထန်လာမယ်” ဟု ပြောသည်။


တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်လောင်း ၉၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့သောကြောင့် ကြံ့ခိုင်ရေးပါတီ ပြီးပါက ဒုတိယ အင်အားအကြီးဆုံး ပါတီအဖြစ် သတ်မှတ်ခံခဲ့ရသည်။ သို့ရာတွင် ၆၁ နေရာတွင်သာ ရွေးကောက်ခံခဲ့ရသည်။

NLD နှင့် ပါတီသက်တမ်းတူညီပြီး လက်ရှိတွင် ပါတီဝင် အင်အား ၇ သိန်းနီးပါးခန့် ရှိနေသည့် တစညမှာ ယခု ကြားဖြတ်ရွေးကောက်ပွဲတွင်မူ ၂၃ နေရာတွင်သာ ပါဝင်ယှဉ်ပြိုင်ဖြစ်မည် ဖြစ်သည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒကို ပိုသိလာမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ ကြိုတင်မဲများကြောင့် ခါးသီးသည့် ဖြစ်ရပ်များ ထပ်မံ မပေါ်ပေါက်နိုင်တော့ဟု ဦးခင်မောင်ကြီး က ယူဆသည်။

ရွေးကောက်ပွဲ ဝင်နိုင်သည့် နေရာများမှာ တနိုင်ငံလုံးတွင် ၄၈ နေရာသာ ရှိသောကြောင့် ပါတီငယ်လေးများပင် မဲပေးသည့် နေရာများတွင် ပိုမိုတင်းကြပ်စွာ စောင့်ကြပ်သွားနိုင်မည် ဟု သူက ခန့်မှန်းသည်။

“ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း ပြောင်းလဲ ဖွဲ့စည်းထားတယ်။ ပါတီတွေကလည်း အတွင်းထိ ဝင်ပြီး ဒီလိုမျိုးတွေ မဖြစ်အောင် တင်းတင်းကြပ်ကြပ် ကြီးကြပ်ကြမယ်လို့ ထင်တယ်” ဟု ဦးခင်မောင်ကြီးက ပြောသည်။

သို့ရာတွင် အရေးကြီးသည့် အချက်တခုမှာ မဲပေးသည့် စနစ်ကို နားမလည်သည့် ပြည်သူများကို ပယ်မဲများ မပေးမိစေရန် ပညာပေးမှုများ အထူးလိုအပ်သည်ဟု သူက ဆိုသည်။

“မဲတွေ အဟောသိကံတွေ မဖြစ်သွားဖို့ လိုအပ်ပါတယ်။ အားနည်းချက်တွေ အတွက်တော့ ပါတီတွေက ပြင်ဆင် ထားရမှာပဲ” ဦးခင်မောင်ကြီးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်လာသည့်အတွက် ကြိုဆိုကြောင်း၊ အမျိုးသမီးထု၏ ခေတ်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ တစည မှ အမျိုးသမီး ကိုယ်စားလှယ်လောင်းတဦးသည်လည်း မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော် အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပါက သူ၏ လုပ်ဆောင်ချက်၊ အဆိုပြုချက်များ အပေါ်မူတည်ကာ လွှတ်တော်၏ အနေအထား ပြောင်းလဲသွားနိုင်ပါကြောင်း၊ သူမ၏ လုပ်ဆောင်ချက် ကောင်းလာ သည်နှင့်အမျှ လွှတ်တော်၏ အခြေအနေ ပြောင်းလဲလာနိုင်သည်ဟု ဆိုသည်။

၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် လိုမလိုနှင့် ပတ်သတ်၍ တစည ၏ သဘောထားမှာ ပြည်သူလူထု ကောင်းစားရေး ကိုသာ ရည်ရွယ်ပါကြောင်း ပြောသည်။

တစည ပါတီကို ၁၉၈၈ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင်များမှာ တပ်မှ အငြိမ်းစား အရာရှိကြီးများ ဖြစ်ကြ သည်။ ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ပြန်လည်ဖွဲ့စည်းထားခြင်း ဖြစ်၍ ပြီးခဲ့သည့် ၁၉၉၀ နှင့် ၂၀၁၀ ရွေးကောက်ပွဲများတွင် ပြည်သူ့ထောက်ခံချက်ကို ကောင်းစွာ မရရှိခဲ့ပေ။

Thursday, February 9, 2012

ရန်ကုန် ရေခများ ဧပြီတွင် စတင်တိုးကောက်မည်



ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ရေဖိုး ရေခ ဈေးနှုန်းများ တိုးမြှင့် ကောက်ခံတော့မည် ဖြစ်ကြောင်း ကြာသပတေးနေ့က တရားဝင် သတင်းထုတ်ပြန်လိုက်သည်။

၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေးနှစ် စတင်မည့် ဧပြီလ ၁ ရက်နေ့မှ စတင် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်စည်ပင် အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ဌာနမှူး ဦးစိုးမြိုင်က ပြည်တွင်း သတင်းမီဒီယာများကို ညနေ ၃နာ၇ီခွဲတွင် ရုံးခန်းသို့ ဖိတ်ကြားကာ ပြောကြားလိုက်ခြင်းဖြစ်သည်။

“အခု ရေပေးဝေမှုအတွက် ကုန်ကျစရိတ်က တဂါလံကို အရင်းတင်ပဲ ၄၇ ပြား ကျတယ်။ ကောက်နေတာက အိမ်သုံးကို ၂၅ ကျပ်၊ လုပ်ငန်းသုံးဆိုရင် ၃၅ ကျပ် ဆိုတော့ အရှုံးပေါ်နေတယ်”ဟု ရှင်းပြသည်။

၂ဝဝ၅ ခုနှစ် ဇူလိုင်လထိ ရေတဂါလံလျှင် ၃ ပြားနှုန်း ကောက်ခံခဲ့သော်လည်း ထိုနှစ် သြဂုတ်လက စတင်ကာ တဂါလံလျှင် အိမ်သုံး ၂၅ ပြား။ စီးပွါးရေး လုပ်ငန်းသုံး ၃၅ ပြားနှုန်း၊ ဌာနဆိုင်ရာကို ၂၅ ပြားနှုန်း ကောက်ခံခဲ့သည်။ ယခု ဧပြီ ၁ ရက်နေ့မှ စတင်ကာ အိမ်သုံး တဂါလံလျှင် ပြား ၄၀၊ စီးပွါးရေး လုပ်ငန်းသုံး တဂါလံလျှင် ပြား ၅၀ ဖြစ်ကာ ဌာနဆိုင်ရာများကိုမူ ယခင်ဈေးအတိုင်း တဂါလံလျှင်၂၅ ပြားနှုန်း ကောက်ခံသွားမည် ဖြစ်ကြောင်း ဌါနမှူးက ပြောသည်။

“ရန်ကုန် ရေဖိုးရေခ ကောက်ခံမှုကို ယူနစ်နဲ့တွက်ရင် တယူနစ်မှာ အိမ်သုံး ၅၅ ကျပ်။ စီးပွါးရေးသုံး ဆိုရင် ၇၇  ကျပ်နှုန်း ဖြစ်တယ်။ အမေရိကန်ဒေါ်လာ ကျပ် ၈၀၀ ဈေးနဲ့ တွက်ထားတာ ဖြစ်တယ်”ဟု ဦးစိုးမြိုင် က ရှင်းပြသည်။ (တယူနစ်လျှင် ဂါလံ ၂၂၀ ရှိသည်။)

အိမ်နီးချင်းနိုင်ငံများတွင် ကောက်ခံနေသော ရေဖိုးရေခ နှုန်းထားများမှာ တယူနစ်လျှင် ကျသင့်သည့် ရေဖိုးရေခများမှာ ထိုင်း ၀.၂၆ ဒေါ်လာ(၂၀၈ ကျပ်)၊ စင်္ကာပူ ၀.၉၆ ဒေါ်လာ (၇၆၈ ကျပ်)၊ ဖိလစ်ပိုင် ၀.၃၆ ဒေါ်လာ (၂၈၈ ကျပ်)၊ မလေးရှား ၀.၄၅ ဒေါ်လာ(၃၆ဝ ကျပ်)၊ ကမ္ဘောဒီးယား ၀.၁၄ ဒေါ်လာ(၁၁၂ ကျပ်)၊ လာအို ၀.၀၉ ဒေါ်လာ(၇၂ကျပ်)၊ အင်ဒိုနီးရှား ၀.၇ ဒေါ်လာ(၅၆၀ ကျပ်)၊ တရုတ် ၀.၁ ဒေါ်လာ(၈၀ ကျပ်)၊ အိန္ဒိယ ၀.၁ ဒေါ်လာ (၈၀ ကျပ်)၊ ဘင်္ဂလားဒေ့ခ်ျ ၀.၈ ဒေါ်လာ (၆၄၀ ကျပ်)နှင့် မြန်မာ ၀.၀၆၉ ဒေါ်လာ(၅၅ ကျပ်) ဖြစ်ကြောင်း စည်ပင်သာယာက နှိုင်းယှဉ်ဖော်ပြ ထုတ်ပြန်ထားသည်။

ထို့ပြင် ရန်ကုန်စည်ပင်ရေ ယူသူများအားလုံး မီတာ တပ်ဆင်ရတော့မည် ဖြစ်ကြောင်းလည်း ဌာနမှူးက ပြောသည်။

“အခု ရန်ကုန်မှာ ရေမီတာသုံးသူတွေ ရှိသလို ပုံသေ ကောက်ခံရတဲ့သူတွေလည်း ရှိတယ်။ ပုံသေ ကောက်ခံရတဲ့ သူတွေကိုတော့ လူတဦးကို တနေ့မှာ ရေဂါလံ ၃၀ နှုန်းနဲ့ တွက်ပြီးတော့ အိမ်ထောင်စု တစုကို ၅ ဦးနှုန်းနဲ့ ကောက်တာပေါ့။ အဲဒီအခါ ရေအလေအလွင့် ရှိတယ်။ ရေသုံးသလောက် ပိုက်ဆံမရဘူး ဖြစ်နေတယ်”ဟု ပြောသည်။

လက်ရှိတွင် စည်ပင်နယ်နိမိတ်အတွင်း ရေဆက်သွယ် ယူထားသည့် အရေအတွက် ၂ သိန်း ၃ သောင်းခန့် ရှိသည့်အနက် မီတာ မတပ်ဆင်သော အရေအတွက်မှာ ၇ သောင်းကျော် ရှိကြောင်း စည်ပင်စာရင်းများအရ သိရသည်။

ရန်ကုန်တွင် လက်ရှိရေပေးဝေနေသော စနစ်မှာ ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်နှင့် အဝီစိတွင်းတို့မှဖြစ်ပြီး တနေ့လျှင် စုစုပေါင်း ရေဂါလံ ၁၆၀ သန်း ခန့် ဖြန့်ဝေပေးနေကြောင်း စည်ပင်စာရင်းများအရ သိရသည်။

၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ ၂ ရက်နေ့က ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများတွင် သင်္ဃန်းကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းသည့် မြို့တော်အတွင်း သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးရေး အဆိုကို တက်ရောက်သူ အမတ် ၁၂၂ ဦးအနက် ၉၈ ဦးက ကန့်ကွက်၍ ပျက်ပြား သွားသည်။

ဦးကျော်က ဆွေးနွေးပြောဆိုခဲ့ရာတွင် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်မြို့ရှိ ဆင်ခြေဖုံးမြို့နယ်များတွင် စည်ပင်သာယာရေး ကော်မတီမှ ပေးဝေသော သောက်သုံးရေ မလုံလောက်မှုများ ရှိနေသောကြောင့် သောက်သုံးရေ ဖူလုံအောင် ဖြန့်ဖြူးပေးပါရန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ မြို့နယ်ဆိုတာက ဆင်းရဲသား အများစုနေကြတာပါ။ အခုဆို ရေရဖို့အတွက် ညမအိပ်ပဲလည်း စောင့်ပြီး ရေယူရတယ်။ မဗေဒါ ရေခပ်ဆင်းသလိုပဲ။ အခုဆိုဒီလို ရေလုံလုံလောက်လောက်မရလို့ ကျန်းမာရေး အတွက်လည်း ထိခိုက်ရပါတယ်” ဟုလည်း ဦးကျော်က သူ့အဆိုနှင့် ပတ်သက်ပြီး လွှတ်တော်တွင်ပြောကြားခဲ့သည်။

ယင်းတင်သွင်းခဲ့သည့် အဆိုကို ရန်ကုန်မြို့တော်ဝန်က ရန်ကုန်တွင် လက်ရှိ ဖြန့်ဖြူးပေးနေသော ရေပမာဏသည် နေ့စဉ် ဂါလံ သန်း ၁၆၀ ခန့်ရှိကြောင်း၊ ဆက်လက်ပြီး ရေပေးဝေနိုင်ရန် စီမံကိန်းများ ဆောင်ရွက်နေကြောင်း၊ စည်ပင်က လက်ရှိဆောင်ရွက်နေသည့် ရေပေးဝေနေမှုများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

“ရေကိစ္စဆိုတော့ အားလုံးက စိတ်ဝင်တစား နားထောင်ကြတာပေါ့။ ဒီအဆိုကို ဆောင်ရွက်ဖို့ မဲလည်းခွဲဆုံးဖြတ်ရော ထောက်ခံသူက ၂၄ဦးပဲ ရှိတယ်။ ကန့်ကွက်သူက ၉၈ဦး၊ တပ်မတော်သားတွေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေ အကုန်ထတာပဲ။ ” ဟု လွှတ်တော်သတင်း ရယူခဲ့သည့် သတင်းသမားတဦးက ပြောသည်။

လှိုင်သာယာ တိုင်ရီစက်ရုံ ဆန္ဒပြမှု အခြားစက်ရုံသို့ ကူးစက်



ချင်းမိုင် (မဇ္ဈိမ) ။        ။ ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံတွင် လေးရက်ဆက်တိုက် ဆန္ဒပြမှု ဖြစ်ပွားနေစဉ် ယင်းစက်ရုံအနီးရှိ New Way ဖိနပ်စက်ရုံတွင်လည်း အလုပ်သမား တထောင်ကျော်က လုပ်အားခ တိုးမြှင့်ပေးရေးအတွက် ကြာသာပတေးနေ့က ထိုင်သပိတ်ဆန္ဒပြ တောင်းဆိုလျက် ရှိသည်။

လုပ်ခလစာ တိုးမြှင့်ရန်နှင့် တင်းကြပ်ထားသည့် စည်းကမ်းချက်တချို့ ပြုပြင်ပေးရန်အတွက် တိုင်ရီစက်ရုံမှ အလုပ်သမား ၁,၈ဝဝ ကျော်က တနင်္လာနေ့ကစပြီး ဆန္ဒထုတ်ဖေါ်နေမှု လေးရက်မြောက်နေ့တွင် ယင်းစက်ရုံနှင့် မီတာ ၅ဝဝ ခန့်အကွာတွင် ရှိသော New Way ဖိနပ်ချုပ်စက်ရုံမှ အလုပ်သမား ၁,၆ဝဝ ကျော်က တိုင်ရီ အလုပ်သမားများ တောင်းဆိုသည့် အချက်များ နည်းတူ တောင်းဆိုကာ ထိုင်သပိတ် ဆန္ဒထုတ်ဖေါ် တောင်းဆိုကြသည်။

“New Way က ဒီမနက်မှ ပြကြတာ။ တာဝန်ရှိတဲ့လူတွေ လာညှိတာ ဘာမှ ထူးခြားမှု မရှိသေးဘူး။ မနက်ဖြန် သူတို့ ဆက်ပြီး တောင်းဆိုကြဦးမယ် ပြောတယ်။ တိုင်ရီကလည်း မပြီးသေးဘူး။ မနက်ဖြန် ဆက်လုပ်ကြဦးမယ်တဲ့။ လူတွေကတော့ တော်တော်များတယ်” ဟု အလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူ က မဇ္ဈိမကို ပြောသည်။

New Way  စက်ရုံအလုပ်သမားများက အခြေခံလစာ နှင့် အချိန်ပိုကြေး၊ ရက်မှန်ကြေးများ တိုးမြှင့်ပေးရန်၊ အလုပ်ပျက် ရက် တရက်ကို ၄,ဝဝဝ ကျပ် ဖြတ်တောက်ခြင်းအား ရုပ်သိမ်းပေးရန်နှင့် ကျန်းမာရေးအရ ရှောင်တခင် ဆေးခွင့်ပေးဖို့ အပါအဝင် စုစုပေါင်း အချက် ၁ဝ ချက် တင်ပြတောင်းဆိုခဲ့ကြသည်။

မနက် ၇ နာရီမှ မွန်းလွဲပိုင်း ၂ နာရီခွဲထိ ဆန္ဒထုတ်ဖေါ်နေကြသည့် စက်ရုံအလုပ်သမားများကို စက်ရုံ တာဝန် ရှိသူများနှင့် ရန်ကုန်တိုင်းနှင့် လှိုင်သာယာမြို့နယ် အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာန တာဝန်ရှိသူများ လာရောက်ဖြေရှင်းပေးသော်လည်း ကြေလည်မှုမရရှိသေးဘဲ ဆန္ဒပြပွဲ ရက်ဆက်ဦးမည့် အနေအထားသို့ ရောက်ရှိ သွားသည်။

တနင်္လာနေ့က စတင်ဆန္ဒပြခဲ့သည့် တိုင်ရီစက်ရုံအလုပ်သမားများကို စက်ရုံတာဝန်ရှိသူများက တနာရီကို ကျပ်တဆယ် တိုးမြှင့်ပေးထားသလို အချိန်ပိုကြေးကိုလည်း ၂၁ ကျပ် တိုးမြှင့်ပေးကြောင်း၊ ထိုနှုန်းဖြင့် လုပ်ကိုင်နိုင်သူများ ၁၁၊ ၂၊ ၂ဝ၁၂ ရက်နေ့တွင် အလုပ်ပြန်ဆင်းနိုင်ပြီး မလုပ်နိုင်သူများကို ယင်းနေ့မှစ၍ မိမိသဘောဖြင့် အလုပ်ထွက်သည်ဟု စက်ရုံက သတ်မှတ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ခဲ့သည်။

တိုင်ရီစက်ရုံ အလုပ်သမားများကို မူလက ၁ နာရီလျင် ၇၅ ကျပ်၊ အချိန်ပိုကြေးကို တနာရီလျင် ၁၆၂ ကျပ်နှုန်းဖြင့် ပေးချေပြီး အလုပ်တရက်ပျက်လျှင် ကျပ် ၄,ဝဝဝ နှုန်း ဖြတ်ကြောင်း သိရသည်။

တိုင်ရီစက်ရုံ တာဝန်ရှိသူ တဦးက “ဒီဘက်က တိုးပေးနိုင်သလောက်ထိ လုပ်ပေးပြီးပါပြီ။ မလုပ်နိုင်တဲ့ လူတွေ အတွက်တော့ သူတို့လစာ လာထုတ်သွားရုံပဲ ရှိတော့တယ်။ သူတို့ တောင်းဆိုပုံအတိုင်းဆို ကျနော်တို့က တယောက် ကို အသားတင် ၄ သောင်းလောက်ထိ တိုးပေးရမှာ။ လူက နှစ်ထောင်ကျော်တောင်။ မတက်နိုင်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။

စက်ရုံအလုပ်သမားများက အခြေခံ လစာ ၅ သောင်းမှ စပေးရန်၊ ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင် အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်းမပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အိမ်သာ လွတ်လပ်စွာ တက်ခွင့်ရရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံး ထားပေးရန်၊ သဘာဝဘေးအန္တရာယ် ကျရောက်ခြင်းနှင့် မိသားစု အရေးကိစ္စများတွင် ခွင့်ပေးရန်များကို တောင်းဆိုထားကြသည်။

တိုင်ရီစက်ရုံမှ အလုပ်သမတဦးဖြစ်သူ မဝင်းမာ က “ကျမတို့ ရတဲ့ လစာနဲ့က ကျမတို့က ဒီမှာ အဒေါ်အိမ်မှာ အလကား ကပ်နေတာတောင် မလောက်ဘူး။ ခရီးစရိတ်လည်း ရှိသေးတယ်။ တချို့ဆိုရင် နယ်က တက်လာပြီး အိမ်ငှားနေတဲ့ လူတွေက များတယ်။ သူတို့ဆို ဘာမှမကျန်ဘူး အကြွေးတောင် တင်သေးတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

တိုင်ရီစက်ရုံသည် တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အခြေခံလစာနှင့် အချိန်ပိုကြေးများနှင့် အခြား တင်ကြပ်သည့် စည်းမျဉ်းများကြောင့် ၂ဝ၁ဝ ခုနှစ်မှ စတင်ကာ ၃ နှစ်ဆက်တိုက် အလုပ်သမားများ၏ ဆန္ဒပြတောင်းဆိုမှုများဖြင့် ကြုံတွေ့ခဲ့ရကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြအလုပ်သမားများအပေါ် တင်းကြပ်ထားသည့် မလိုအပ်သည့် စည်းကမ်းများ၊ အလုပ်သမားများ၏ ထိုက်တန် သည့် ရပိုင်ခွင့်များကို ရရှိစေရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ တောင်သူလယ်သမားအရေး၊ အလုပ်သမားအရေးနှင့် ကလေးအခွင့်အရေး ဆောင်ရွက်နေသူ မစုစုနွေးနှင့် ဥပဒေရေးရာ ရှေ့နေ ကိုဖိုးဖြူတို့က သောကြာနေ့တွင် အလုပ်သမား ရေးရာဌာန၊ စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်သည်။

ပြေလည်မှု မရရှိပါက ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။ တရာဥပဒေအရ ရှေ့နေများနှင့်လည်း စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

မကွေးတိုင်း စာပေဟောပြောပွဲ ၇ ပွဲ ပိတ်ပင်ခံရ



ချင်းမိုင် (မဇ္ဈိမ) ။        ။ မကွေးတိုင်းအတွင်း စာပေဟောပြောပွဲများကို သက်ဆိုင်ရာ ဒေသအာဏာပိုင်များမှ ပိတ်ပင်တားဆီးနေကြောင်း ဟောပြောကြမည့် စာရေးဆရာများက မဇ္ဈိမကို ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၉ ရက်နေ့ အထိ တလအတွင်း မကွေးတိုင်းရှိ မြို့နယ် အသီးသီးတွင် ကျင်းပရန်ရှိသည့် စာပေဟောပြောပွဲ ၇ ပွဲလုံးကို ဒေသခံ မြို့နယ် အုပ်ချုပ်ရေးမှူးများမှ အထက်အမိန့် အကြောင်းပြချက်ဖြင့် ပြုလုပ်ခွင့် မပေးခြင်းဟုလည်း စာရေးဆရာများက ပြောသည်။

"ထင်ရတာတော့ တိုင်းဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက သူ့အာဏာ သက်ရောက်တဲ့ ဒေသအတွင်းမှာ ပြည်သူလူထုကို စည်းရုံးသလို၊ လှုံ့ဆော်သလို ဖြစ်မှာစိုးတယ်လို့ ကျနော်ထင်တာပဲ။ သူ အုပ်ချုပ်တဲ့ ဒေသအတွင်းမှာ ဒီပွဲမျိုးတွေ မဖြစ်စေချင်တဲ့ပုံပါ။ အဲဒီလို ခန့်မှန်းပါတယ်" ဟု စာရေးဆရာ မောင်သာချိုက မဇ္ဈိမကို ပြောသည်။

သို့သော် စာရေးဆရာများအနေဖြင့် နိုင်ငံပြန်လည် တည်ဆောက်ရေး၊ လူများ၏ ကိုယ်ကျင့်တရားနှင့် စိတ်ဓာတ်များ ပြုပြင်ရန်နှင့် သယံဇာတတွေများ မြတ်နိုးတန်ဖိုးထားရန် နိုင်ငံ၏ ကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ လုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့သော ပုဂ္ဂိုလ်များ၏ အကြောင်းများသာ စာပေဟောပြောပွဲများအတွင်း ထည့်သွင်းဟောပြောခြင်းဖြစ်ပြီး ဆူပူအုံကြွရန် သွေးထိုးလှုံ့ဆော်ခြင်းမဟုတ်ဟု မဇ္ဈိမကို ပြောကြသည်။

ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ လများအတွင်း မကွေးတိုင်းအတွင်းရှိ အောင်လံမြို့နှင့် မြစ်ခြေမြို့များသို့ စာပေဟောပြောပွဲ ပြုလုပ်ရန် သွားရောက်ခဲ့သော်လည်း ဟောပြောခွင့် မရခဲ့ဟုလည်း စာရေးဆရာ မောင်သာချိုက ပြောသည်။

"လူထုဆိုလည်း ငိုကြ ယိုကြ ဖြစ်တယ်ဗျာ။ ကျနော်တို့ သွားတဲ့အချိန်မှာ ပွဲကို ဦးဆောင်လုပ်တဲ့လူတွေက စင်တွေ ထိုးထားပြီးသား။ ကုလားဖျင်းတွေ ချထားပြီးသား။ အဲဒီဟာကို အနားကပ်တဲ့အခါကျမှ။ သူတို့တွေ မျက်ရည်ကျကြရတယ်။ အဲဒီအခါကျတော့ ကျနော်တို့လည်း စိတ်မကောင်း ဖြစ်ရတာပေါ့ဗျာ" ဟု ဆရာမောင်သာချို က မဇ္ဈိမကိုပြောသည်။

သရက်မြို့တွင် ဇန်နဝါရီလ ၉ ရက်နေ့က ကျင်းပရန် စီစဉ်ထားသည့် စာပေဟောပြောပွဲကိုလည်း ဒေသခံ အာဏာပိုင်များမှ ပွဲမိန့်မပေးခြင်းကြောင့် ဟောပြောခွင့် မရခဲ့ဟု မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

ဆရာ ဦးထွန်းလွင်က မြန်မာတနိုင်ငံလုံး မိမိ လိုက်လံဟောပြောနေသည်မှာ မိုးလေဝသနှင့် ပတ်သက်သည့် ပညာပေး ဟောပြောချက်များ၊ ရာသီဥတု ပြောင်းလဲမှုအခြေအနေ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိစ္စရပ်များသာ ဟောပြောခြင်း ဖြစ်သည်ဟု ဆိုသည်။

ဟောပြောရန် ခွင့်ပြုချက်မရခြင်းကြောင့် လူထုအတွက် အသိပညာရရှိမှု နှောင့်နှေးစေပြီး အကျိုးယုတ်သည်ဟုလည်း မဇ္ဈိမကို ပြောသည်။

"ကျနော်တော့ တော်တော်ကြီးကို မကျေနပ်တာဗျ။ ဒီကိစ္စကိုတော့။ အမှန်ပါဗျာ ကျနော့်အမြင် ပြောရရင်တော့ ဘယ်လိုမှ အကျိုးမရှိတဲ့ ကိစ္စပါ။ တခုခုတော့ မှားနေပြီ ထင်တယ်ဗျာ။ သေချာတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပဲဗျ၊ ရွာသူရွာသားတွေ သိပ်သနားဖို့ ကောင်းပါတယ်။ ကျနော် စိတ်ကို မကောင်းဘူး" ဟု ဦးထွန်းလွင် က ပြောသည်။

မကွေးတိုင်းအတွင်း စာပေဟောပြောခွင့် အများဆုံး အပိတ်ခံရသူမှာ ကာတွန်းဆရာ အော်ပီကျယ်ဖြစ်ပြီး သရက်၊ ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ရေစကြို၊ မြစ်ခြေ မြို့များတွင် ဇန်နဝါရီလ ၉ ရက်နေ့မှ ယခုလ ၈ ရက်နေ့အထိ ကျင်းပရန် ရှိသည့် စာပေဟောပြောပွဲ ၆ ပွဲလုံး ဟောပြောခွင့် မရသူလည်း ဖြစ်သည်။

ဆရာအော်ပီကျယ်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော်အတွင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည့် ‘စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ကြရန်’ ပြောကြားသွားသည်ကို ရည်ညွှန်းကာ "ရှေ့ဆက်သွားရင်တော့ ကျနော်တို့ လက်ခံမယ်။ ရှေ့ဆက်မသွားဘူး ဆိုရင်တော့ ကျနော်တို့ လက်မခံနိုင်ဘူး" ဟု မဇ္ဈိမကို ပြောသည်။

စာရေးဆရာများ၏ အဆိုအရ မြန်မာတနိုင်ငံလုံး ဟောပြောခွင့်များ လွတ်လွတ်လပ်လပ်ရရှိကြသည်ဟု ဆိုကြပြီး မကွေးတိုင်း တခုတည်းသာ ခွင့်ပြုမိန့် မရခြင်းကို "တခြား ဘယ်နေရာမှ မဖြစ်ဘူး၊ အဲဒီတိုင်း တခုပဲ ဖြစ်နေတာ။ အဲဒီ တိုင်းတခုမှာ လုပ်လိုက်ရင် ပွဲက ပျက်တာချည်းပဲ။ တခြားဆရာတွေလုပ်ရင်လည်း ပျက်တာပဲဗျ။ တော်တော်တော့ စိတ်ညစ်စရာကောင်းတဲ့ ကိစ္စပဲ" ဟု ဆရာဦးထွန်းလွင်က မဇ္ဈိမကို ပြောသည်။

သူရဦးရွှေမန်း၏ အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော်တွင် "အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ
ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါမယ်" ဟု ထည့်သွင်း ပြောကြား သွားသေးသည်။

ဦးရွှေမန်း၏ အဆိုပါ ပြောကြားချက်ကို ကိုးကား၍ စာရေးဆရာမ သန်းမြင့်အောင်က "သမ္မတတွေ၊ အစိုးရအဖွဲ့တွေက ကောင်းကောင်းမွန်မွန် ပြောနေတာ၊ အဲဒါတွေကို အောက်က လုပ်နေတာကတော့ အပေါ်က လူကြီးတွေ လက်နဲ့ရေး တာကို ခြေနဲ့ဖျက်တဲ့ ပုံသဏ္ဍာန်မျိုး ဖြစ်နေတာပေါ့။" ဟု အောက်ခြေအဆင့် အစိုးရဖွဲ့စည်းမှုအပေါ် ဝေဖန် ထောက်ပြသည်။

ဆရာမ သန်းမြင့်အောင်သည် မကွေးမြို့တွင် ၂ဝ၁၁ ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိခဲ့သည့် စာပေဟောပြောပွဲကိုလည်း ဟောပြောခွင့် မရခဲ့သူ ဖြစ်ပြီး ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ် မန်းကလိပ်ရွာတွင် သောကြာနေ့၌ ဟောပြောရန် စီစဉ်ထားသော်လည်း ပွဲမိန့်မရဟု စာပေဟောပြောပွဲ စီစဉ်ထားသူများမှ ကြာသာပတေးနေ့တွင် အကြောင်းကြားလာကြောင်း ဆရာမ သန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။

မကွေးတိုင်း၏ ဝန်ကြီးချုပ်မှာ ဦးဘုန်းမော်ရွှေဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကာလတွင် မကွေးတိုင်းဒေသကြီး မင်းဘူး မဲဆန္ဒနယ် အမှတ် ၁ မှ အနိုင်ရ အမတ်တဦးဖြစ်သည်။ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်သည့် ဦးဘုန်းမော်ရွှေသည် စစ်အစိုးရလက်ထက်တွင် မကွေးတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်သည်။

Wednesday, February 8, 2012

နိုင်ငံတကာ လေ့လာသူများအား ရန်ကုန်တိုင်း ကော်မရှင်ဥက္ကဋ္ဌ ကြိုဆို



(ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးကိုကို နှင့် အင်တာဗျူး)

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအား ပြင်ပ နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ လာရောက်ကြည့်ရှုမည်ဆိုပါက ကြိုဆိုကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကို က ပြောဆိုလိုက်သည်။

ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရန်အတွက် ကော်မရှင်၏ ပြင်ဆင်မှုများ၊ ရွေးကောက်ပွဲ ဥပဒေများ၊ ပြည်ပနိုင်ငံများမှ လေ့လာသူများ လာရောက်ကြည့်ရှုရန် လိုလားနေခြင်းများအပေါ် ၎င်း၏အမြင်၊ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ပြန်လည်သုံးသပ်ချက် စသည်တို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးကိုကို (အငြိမ်းစား ဗိုလ်မှူးကြီး)အား မေးမြန်းထားခြင်း ဖြစ်သည်။


လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားမျှတဖို့၊ ဒါမှမဟုတ် လွတ်လပ်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားပါ သလဲ။

“ရန်ကုန်တိုင်း အနေနဲ့ပဲ ကျနော်ပြောချင်ပါတယ်။ ရန်ကုန်တိုင်းထဲက ကြားဖြတ်ရွေးကောက်ပွဲ ခြောက်နေရာမှာ ရပ်ကွက် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အားလုံးနဲ့ ခြောက်နေရာလုံးကို ကျနော် သွားပြီးတော့ ထိတွေ့ပါတယ်။ ကျနော် ရောက်ပြီးပါပြီ။ တကယ့် ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေနဲ့ ထိတွေ့ရမှာ၊ နိုင်ငံရေး ပါတီတွေနဲ့ တကယ် ထိတွေ့ရမှာ ရပ်/ကျေး ကော်မရှင်တွေ ဖြစ်ပါတယ်။ သူတို့ လုပ်တာကိုင်တာ မှန်ရင် ဒီရွေးကောက်ပွဲဟာ တရားမျှတ မယ်။ သူတို့လုပ်တာ ကိုင်တာ မှားရင် ကျနော်တို့ ရွေးကောက်ပွဲဟာ အပြစ်အပြောခံရမယ်။ ဒါ့ကြောင့် သူတို့ လုပ်တတ်ကိုင်တတ်အောင် ကျနော်သွားပြီးတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သင်ခန်းစာတွေနဲ့ ယှဉ်ပြီးတော့မှ ခြောက်မြို့နယ်လုံးက ရပ်ကျေးတွေကို ကျနော် တွေ့ဆုံဆွေးနွေးပြီးပါပြီ။ မြို့နယ်ကော်မရှင်က အဖွဲ့ခွဲတွေကိုလည်း ကျနော် တွေ့ပြီးပါပြီ”


ရွေးကောက်ပွဲတခုအတွက် လွတ်လပ်ဖို့ တရားမျှတဖို့ လိုအပ်တဲ့ အဓိကအချက်တွေက ဘာတွေဖြစ်မလဲ။

“အဓိက ကတော့ Free & Fair ဆိုတာကတော့ အကြောင်းရင်း နှစ်ခုအပေါ်မှာ မူတည်ပါတယ်။ ဘက်လိုက်ရင်တော့ Free & Fair ဖြစ်မှာမဟုတ်ဘူး။ နောက်တခုက လုပ်ငန်း မကျွမ်းကျင်ရင်လည်း Free & Fair ဖြစ်မှာမဟုတ်ဘူး။ ဘက်လိုက်တာနဲ့ လုပ်ငန်းမကျွမ်းကျင်ရင် Free & Fair မဖြစ်ဘူး။ အဲဒီအကြောင်းရင်း နှစ်ခုကို ဖယ်လိုက်နိုင်ရင်တော့ Free & Fair ဖြစ်ပြီပေါ့။ အဲဒီနှစ်ခုကို ဖယ်ဖို့ မဲဆန္ဒနယ် ၆ ခုက ရပ်/ကျေးတွေနဲ့ ကျနော်တွေ့ပြီးဖြစ်ပါတယ်”


၂ဝ၁ဝ ရွေးကောက်ပွဲမှာ မဲရုံမှူးတွေရဲ့ ဘက်လိုက်မှုတွေ၊ မဲရေတွက်တာ မသေသပ်မှုတွေကိုလည်း ဝေဖန်ချက်တွေ ထွက်ပေါ်ခဲ့တယ်။ အခုတခေါက်မှာကော သူတို့ရဲ့ လုပ်ဆောင်ချက်တွေက မဲဆန္ဒရှင်တွေအတွက် ယုံကြည်စိတ်ချ ရနိုင်ပါ့မလား။

“စိတ်ချ ယုံကြည်မှုကတော့ တဦးတယောက်ချင်းရဲ့ စိတ်ဓတ်ကိုတော့ ကျနော်တို့ မသိနိုင်ဘူးပေါ့လေ။ သို့သော်လည်း သူတို့ကို လုပ်ငန်းပိုင်းဆိုင်ရာမှာ ကျွမ်းကျင်မှုရှိအောင်တော့ ကျနော်တို့က သင်တန်းတွေ သေသေချာချာ ပေးပါတယ်။ မဲရုံထဲမှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းပိုင်းဆိုင်ရာတွေကို မဲလက်မှတ်တွေကို ဘယ်လိုစိစစ်မယ်၊ မဲလက်မှတ်တွေကို ဘယ်လိုထုတ်ပေးမယ်၊ မဲဆန္ဒရှင်တွေကို ဘယ်လို စစ်ဆေးမယ်၊ ဘယ်လိုဟာက ပယ်မဲဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့ သင်တန်းပေးထားပါတယ်”


ဒါကတော့ အရည်အသွေးပိုင်းပေါ့၊ နောက် ဝေဖန်မှုတွေရှိခဲ့တဲ့ အချက်အပေါ်မှာကော။

“၂ဝ၁ဝ တုန်းက နာမည်ပျက် အပုပ်နံ့ထွက်ခဲ့တဲ့ ပညာရေး ဝန်ထမ်းဟောင်း တချို့လည်း ရှိခဲ့ပါတယ်။ အဲဒီလူတွေကိုတော့ ကျနော်တို့ ပြန်မသုံးပါဘူး။ အဲဒီတော့ လုပ်ငန်းပိုင်းနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့က စိတ်ချ ယုံကြည်မှု ရှိပါတယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံအကူတွေလည်း ရှိပါမယ်”


မဲမသမာမှုတွေ အတွက်ကျတော့ကော ကော်မရှင်အနေနဲ့ ဘယ်လို တားဆီးသွားမလဲ။

“ဒါတွေကတော့ ရှိနိုင်တာပါပဲ။ ပါတီတွေက နိုင်ချင်ကြတယ်ဆိုတော့ လုပ်ကြမှာပါပဲ။ မဲဝယ်တာမျိုးကတော့
ကော်မရှင်က အဲဒီအဖြစ်မျိုးမရောက်အောင် ကော်မရှင်က တတ်နိုင်သလောက် လုပ်ပါမယ်။ ကျန်တဲ့ အပိုင်းကတော့ ကျနော်တို့ လက်လှမ်းမမီတဲ့ ဒေသတွေမှာဖြစ်ရင်တော့ ကျနော်တို့ မတတ်နိုင်ဘူးပေါ့လေ”


မဲဆွယ်စည်းရုံးတဲ့နေရာမှာ ကိုယ်စားလှယ်တယောက်ဟာ သိန်း ၁ဝဝ ပဲ သုံးခွင့်ရှိတယ်လို့ သိထားပါတယ်။ ၂ဝ၁ဝ တုန်းက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေဟာ အစိုရဌာန အသီးသီးရဲ့ ဝန်ထမ်းဟောင်းတွေ ဝင်ပြိုင် တာများပြီး မဲဆွယ်စည်းရုံးရာမှာလည်း သတ်မှတ်ငွေထက် ကျော်လွန်တယ်လို့ ဝေဖန်ကြပါတယ်။ ဒါတွေကို ကော်မရှင်အနေနဲ့ ဘယ်လို ဖြေရှင်းခဲ့ပါသလဲ။

“ပြီးခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာလည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာ ကျနော်တို့တွေ့ပါတယ်။ အဲဒါတွေကို ကျနော်တို့ တတ်နိုင်သလောက် ဖယ်ရှားနိုင်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ဥပဒေအတိုင်း ဖြစ်အောင် တော်တော်ကြီး ဆန့်ကျင်ပြီး လုပ်ခဲ့ရတာတွေလည်း ရှိပါတယ်။ အဲဒီလုပ်ရပ်နဲ့ ပတ်သက်လို့တော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့ကို ဟန့်တားခြင်းတော့ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာတော့ ကျနော်တို့ တတ်နိုင်သလောက် လွတ်လွတ်လပ်လပ် လှုပ်ရှားခဲ့ပါတယ်။ အဲဒါကတော့ ရန်ကုန်တိုင်း ဒေသကြီးတခုတည်းအနေနဲ့ကတော့ ကျနော်တို့ လုပ်ခဲ့တာပါ။ လုပ်လည်း လုပ်နိုင်ခဲ့တယ်”


ကြိုတင်မဲ ကိစ္စတွေကလည်း ၂ဝ၁ဝ ရွေးကောက်ပွဲမှာ တော်တော်လေး ဝေဖန်တာတွေရှိခဲ့ပါတယ်။

“ပြီးခဲ့တဲ့ဟာကိုတော့ ကျနော်တို့ ဘာမှ ပြန်မပြောတော့ပါဘူး။ ကော်မရှင် ဥက္ကဋ္ဌကြီးကလည်း ပြီးခဲ့တာတွေ ပြီးသွားပြီ၊ ရှေ့ဆက် ကောင်းအောင်လုပ်မယ်လို့ ပြောထားတာ ရှိပါတယ်။ အခုလည်း ကြိုတင်မဲ ရှိပါဦးမယ်။ အဲဒီကြိုတင်မဲတွေ ကိုတော့ သက်ဆိုင်ရာ ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲကနေပြီးတော့ ဒီလုပ်ငန်းကို သူက ဆောင်ရွက်ပါမယ်”


ကြိုတင်မဲ ပေးပိုင်ခွင့်ရှိတဲ့ နာမကျန်းသူတွေ၊ နယ်ဝေးခရီးထွက်မယ့်သူတွေဟာ ရွာတရွာမှာ လူတရာရှိရင် ၅ဝ လောက်က ကြိုတင်မဲဖြစ်နေတဲ့ အခြေအနေ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိခဲ့တယ်လို့ ဝေဖန်ပါတယ်။ ဒီဟာက ဖြစ်နိုင်ခြေရှိရဲ့လား။

“အဲဒီဟာတွေကတော့ ကျနော်တို့ ရပ်ကွက်ကော်မရှင်အနေနဲ့ လုပ်လို့ရပါတယ်။ ဘယ်သူတွေ လိမ်နေတယ်၊ ဘယ်သူ တွေ လိမ်မနေဘူးဆိုတာ သိသာတဲ့ အချက်တချက် ဖြစ်ပါတယ်။ အားလုံးက သိနေပါတယ်။ ကော်မရှင်အနေနဲ့ ကတော့ စိစစ်ပါမယ်။ တကယ်မလာနိုင်တဲ့လူတွေ အဲဒီလောက် များနေတယ်ဆိုရင်လည်း မှန်တယ်ဆိုရင်တော့ သူတို့ကို ကျနော်တို့က ကြိုတင်မဲပေးခွင့်ရအောင် ကျနော်တို့ လုပ်ပေးရမယ်”

“ရပ်/ကျေး ကြိုတင်မဲဆိုတာကတော့ သိပ်ပြီးတော့ များများစားစား ရှိစရာတော့ အကြောင်းမရှိဘူး။ အခု ဒီတခါတော့ ရပ်/ကျေးကြိုတင်မဲ တောင်းခံလာတဲ့ ပုဂ္ဂိုလ်တွေကို ကြိုတင်မဲ ပေးခွင့်ရှိတဲ့လူ ဟုတ်/မဟုတ်ဆိုတာ မြို့နယ် ကော်မရှင်တွေကနေပြီးတော့ ထိန်းချုပ်ဖို့ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်”

“နောက်တခုက ရပ်/ကျေးကော်မရှင်ကို ကြိုတင်မဲပြားတွေ ရက်တွေ အများကြီး ကြိုပြီးတော့ ထုတ်မပေးတော့ပါဘူး။ ကြိုတင်မဲတွေကို သတ်မှတ်တဲ့ အချိန်အတွင်းမှာပဲ ထုတ်ပေးသွားမှာပါ။ အချိန် အစောကြီး ကြိုပြီးတော့ ဒီမဲပြားတွေကို ထုတ်မပေးတော့ဘူး။ အဲဒီနည်းတွေနဲ့ အကောင်းဆုံးဖြစ်အောင် ကျနော်တို့ ထိန်းချုပ်ထားပါမယ်”


ရွေးကောက်ပွဲဥပဒေရဲ့ အားနည်းချက်တွေကြောင့် ဒီလို မသမာမှုတွေ ဖြစ်လာတာလို့ သုံးသပ်လို့ကော မရနိုင်ဘူးလား။

“အခု တိုင်တန်းတဲ့ ကိစ္စတွေက ဖြစ်လို့သာ ဖြစ်သွားတာပါ။ ဥပဒေတွေ ပြဋ္ဌာန်းထားတာက အားလုံးကတော့ အကွက်စေ့ပါတယ်။ အဲဒီအတိုင်း လုပ်သွားဖို့ကိစ္စတွေကို သင်တန်းတွေမှာ ကျနော်တို့ သေသေချာချာ ပို့ချထားပါ တယ်။ ရပ်/ကျေးတွေကိုလည်း သက်ဆိုင်ရာ မြို့နယ်တွေက ကြပ်မတ်ဖို့၊ မြို့နယ်တွေကို ခရိုင်ကနေ ကြပ်မတ်ဖို့ အဲဒါတွေ ကျနော်တို့ လုပ်ထားပါတယ်”


ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မဲရေတွက်မှု ပုံသဏ္ဍန်ကိုလည်း ရှင်းပြပေးပါ။

“မဲရုံ အဖွဲ့ဝင်တွေရယ်၊ ကော်မရှင် အဖွဲ့တွေရယ် နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရယ် မဲရုံတွေမှာ ရှိခွင့် ရှိပါတယ်။ အဲဒီလူတွေနဲ့ မဲဆန္ဒပေးသော မဲဆန္ဒရှင်များပေါ့။ မဲရုံမှူးတွေက မဲရုံပိတ်လိုက်တဲ့အခါမှာ ကျနော်တို့အနေနဲ့ကတော့ လက်ကျန်ဖြတ်ပိုင်းနဲ့ မဲပုံးထဲမှာ ပေးလိုက်တဲ့ မဲအရေအတွက် ကိုက်ညီမှုရှိမရှိ ပထမဆုံး စစ်ပါမယ်။ အဲဒီလိုမျိုးစစ်လို့ လက်ကျန် ဖြတ်ပိုင်းထက် မဲပုံးထဲက မဲတွေက များနေတယ်ဆိုရင်တော့ မသမာမှု တခုခု ရှိပြီပေါ့။ အဲဒီလို စစ်ဆေးဖို့ ရှိပါတယ်”

“မဲတွေ ရေတွက်တဲ့အချိန်မှာ ကော်မရှင်ချည်းပဲ ရေတွက်လို့မရပါဘူး။ အနည်းဆုံး မဲဆန္ဒရှင် ၁ဝ ယောက် မဲရေတွက်တဲ့ နေရာမှာ ရှိနေရမှာ ဖြစ်ပါတယ်။ မဲရုံမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံ အကူတွေလည်းရှိရမယ်။ ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲလည်းရှိမယ် အားလုံးရဲ့ရှေ့မှာ မဲတွေကို ကျနော်တို့ ရေတွက် မှာပါ။ ဒီမဲရုံမှာ မဲဘယ်လောက်ရတယ်ဆိုတာ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေရဲ့ ရှေ့မှာ ရရှိတဲ့ မဲ အရေအတွက်ကို ဖေါင်ဖြည့်ရမှာပါ။ အဲဒီဖေါင်မှာ မဲရုံမှူးကလည်း မှန်ကန်ကြောင်း လက်မှတ်ထိုးရမယ် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲကလည်း လက်မှတ်ထိုးမယ်။ အဲဒီအပြင် သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲရုံ အကူတွေ ကလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ရှေ့မှာပဲ မဲပေးတယ်၊ သူတို့ရှေ့မှာပဲ မဲကို ရေတွက်တယ်၊ ရရှိတဲ့ ကိန်းဂဏန်းကိုလည်း ကျနော်တို့က ပုံစံထဲကို ထည့်မယ်။ အဲဒီနည်းနဲ့ မဲရုံက မဲတွေသည် မှန်ကန်တဲ့ မဲတွေ ဖြစ်တယ်၊ ယုံကြည်စိတ်ချရတဲ့ မဲတွေဖြစ်တယ်ဆိုတာ ကျနော်တို့ လုပ်ထားပါတယ်”


လွတ်လပ်ပြီး တရားမျှတတယ် ဆိုတာကို သက်သေပြဖို့ နိုင်ငံတကာက လေ့လာလိုသူတွေကိုကော ဝင်ခွင့်ပြုနိုင်မလား။

“ဒါကတော့ ကျနော့် တယောက်တည်းအနေနဲ့ ပြောရရင်တော့ ကန့်ကွက်စရာ မရှိပါဘူး။ သူတို့ လာကြည့်လည်း ကျနော်တို့က ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်သွားမှာပါ။ သူတို့ လာမကြည့်လည်း ဒီအတိုင်းပဲ လုပ်သွားမှာပါ။ သို့သော် လာကြည့်မယ်ဆိုရင်တော့ ကျနော်တို့အတွက်လည်း ကောင်းပါတယ်။ ကျနော်တို့ လုပ်နေတာ ဘာလုပ်နေ တယ် ဆိုတာ ကမ္ဘာက သိမြင်သွားတာပေါ့။ ကျနော့်အမြင်ကတော့ လာမယ်ဆိုရင်လည်း ကြိုက်ပါတယ်။ ကြိုဆိုပါ တယ်။ ကျနော့် တယောက်တည်း အမြင် ပြောတာပါ။ လာကြည့်ပါ ကျနော်တို့ လုပ်နေတဲ့ ဥစ္စာ ကောင်းကောင်းမွန်မွန် လုပ်နေတယ်၊ ဘယ်လောက်ကြိုးစားပြီးလုပ်နေတယ်၊ တရားသဖြင့် လုပ်နေတယ် ကြည့်စေချင်ပါတယ်”

“ဒါပေမယ့် ငါးခုံးမ တကောင်ကြောင့် တလှေလုံးပုပ်တယ်ဆိုတဲ့ စကားလည်း ရှိသေးတာပဲ။ ဆွမ်းဆံထဲ ကြွက်ချေးရော တဲ့ သဘောပေါ့။ ကျနော်တို့က ဘယ်လောက်ကောင်းအောင် လုပ်လုပ် ၁ဝဝ ရာခိုင်နှုန်းတော့လည်း ရချင်မှ ရမယ်ပေါ့။ အဲဒါမျိုးတွေကတော့ ရှိချင်ရှိနိုင်တယ်။ အဲဒါမျိုးတွေရှိရင်တော့ တရားဥပဒေအရ ကျနော်တို့က လုပ်သွားမှာပါ။ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် စုန်းပြူးလေးတွေကတော့ ရှိတတ်ပါတယ်။ အဲဒါကိုလည်း လာကြည့်သူတွေ အနေနဲ့ နားလည်ပေးထားဖို့ ဒါတွေကတော့ လိုမှာပါ”


နောက်ထပ် ဖြည့်ပြောချင်တာရှိရင် ပြောပါ။

“တခုပဲ ဖြည့်ပြောချင်တာက အားလုံးက ကျနော်တို့ကော်မရှင်ကို Free & Fair ဖြစ်ဖို့ ကျနော်တို့ကို တိုက်တွန်းနေကြ တာ ရှိတယ်။ ကော်မရှင်အနေနဲ့တော့ Free & Fair ဖြစ်အောင် လုပ်မှာပါ။ အဲဒီလို လုပ်တဲ့နေရာမှာ ကျနော်တို့သည် မည်သူ၏ တိုက်တွန်းမှုကြောင့်မှ မဟုတ်ပါဘူး။ မည်သူ၏ Pressure ကြောင့်မှလည်း မဟုတ်ပါဘူး။ ကျနော်တို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပပေးရေး ဖြစ်ပါတယ်။ ဒါကြောင့် Free & Fair ဖြစ်အောင် လုပ်ခြင်းဟာ ဥပဒေက အပ်နှင်းထားတဲ့ တာဝန်ဖြစ်ပါတယ်”

CIA ညွှန်မှူး မြန်မာနိုင်ငံသို့ သွားမည်



မဇ္ဈိမသတင်းဌာန ။          ။ အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA ညွှန်ကြားရေးမှူး မြန်မာနိုင်ငံ ထိပ်တန်းခေါင်းဆောင်များထံသို့ ယခုနှစ်ထဲတွင် လာရောက်လည်ပတ်ရန် စီစဉ်နေကြောင်း The New York Times သတင်းစာက ဖော်ပြခဲ့သည်။

CIA ညွှန်ကြားရေးမှူး David Petraeus နှင့် အင်္ဂါနေ့က ထိုင်းနိုင်ငံတွင် စကားပြော ဆွေးနွေးပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Surapong Tovichakchaiku က သတင်းထောက်များအား ပြောကြားရာတွင် David Petraeus သည် ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း The New York Times သတင်းစာက Surapong ၏ စကားကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား အထီးကျန်စေရန် နှစ်ပေါင်းများစွာ ပိတ်ဆို့ ဒဏ်ခတ်ထားရာမှ ယခုအခါ အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့် သဘောတူညီချက် ရရှိလာခဲ့ကာ ယခုခရီးစဉ်သည် အမေရိကန်နှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးတက်လာသည့် သင်္ကေတ တခုပင် ဖြစ်ပြီး သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေဖြင့် ရွေးကောက် တင်မြှောက် ထားခြင်း ခံရသည့် မြန်မာအစိုးရသစ်နှင့် စေ့စပ်ဆွေးနွေးလိုသည့် သဘောထားရှိကြောင်းလည်း ထင်ဟပ်နေသည်။

လေ့လာသူများကမူ အမေရိကန် အနေဖြင့် ရာထူးအမျိုးမျိုး ရှိသည့် သံတမန်များကို စေလွှတ်ကာ မြန်မာအစိုးရ အဖွဲ့အတွင်းနှင့် မြန်မာစစ်တပ် အတွင်းရှိ ပြုပြင်ပြောင်းလဲရေး သမားများကို ထောက်ခံကြောင်း အချက်ပြခဲ့သည်ဟု ဆိုကြသည်။

ဒီဇင်ဘာလက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် Hillary Clinton မြန်မာခေါင်းဆောင်များနှင့် လာရောက်တွေ့ဆုံကာ အမေရိကန် အနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေး တိုးတက်မှု အခြေအနေ အပေါ် မူတည်၍ သင့်လျော်သလို တုံ့ပြန်ဆောင်ရွက်မည်ဟု ပြောခဲ့သည်။ ထို့ပြင် အမေရိကန် အနေဖြင့် လွန်ခဲ့သည့် လအနည်းငယ် အတွင်း မြန်မာ့နိုင်ငံရေး တိုးတက်မှုများကို အသိအမှတ်ပြုသည့် အနေဖြင့်  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်ထားမည်ဟု ဆိုခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယ နိုင်ငံတို့အကြား တည်ရှိကာ ဗျူဟာမြောက်သည့် ဒေသ ဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုနှင့် အင်အားချိန်ခွင်လျှာ ညှိရန် ရည်ရွယ်သကဲ့သို့ အကျိုးအမြတ်များမည့် စီးပွါးရေးလုပ်ငန်းများ အနေဖြင့်လည်း အနောက်နိုင်ငံများ၏ ပိုမို ရင်းနှီးမြှုပ်နှံလာမည့် အခြေအနေကို အသင့်ပြင် စောင့်ဆိုင်းနေကြသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ဘန်ကောက်မြို့မှ အမည်မဖော်လိုသူ အမေရိကန် အရာရှိ တဦးက The New York Times သို့ ပြောကြားရာတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က Petraeus အား ယခုနှစ်ထဲတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန် တိုက်တွန်းခဲ့သဖြင့် ယခုခရီးစဉ် ပေါ်ပေါက်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် လများအတွင်း အမေရိကန် ထိပ်တန်းအရာရှိ အဖွဲ့ သုံးဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ဒေသ တွင်း လေ့လာသူများ၏ အဆိုအရ CIA ညွှန်ကြားရေးမှူး၏ မြန်မာနိုင်ငံ ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အမေရိကန် အကြား စစ်ရေးနိုင်ငံရေး တိုးမြှင့်ဆက်ဆံလာမည်ကို ထင်ဟပ်နေကြောင်း ဆိုကြပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ်များက ကဲ့သို့ အမေရိကန်နှင့် တရုတ်အကြား အင်အားချိန်ခွင်လျှာ ထိန်းညှိလိုခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။

ထို ၁၉၈၈ ခုနှစ် မတိုင်ခင် နှစ်များက မြန်မာနိုင်ငံနှင့် အမေရိကန်အကြား စစ်ရေးနှင့် ထောက်လှမ်းရေး ကော်ပိုရေးရှင်း များ ထားရှိပြီး ၁၉၈၈ ခုနှစ်တွင် ယခင်မြန်မာ စစ်အစိုးရမှ ဒီမိုကရေစီအရေး ဆန္ဒပြသူများအား ပစ်ခတ် နှိမ်နင်းခြင်း၊ ဖမ်းဆီးထောင်ချခြင်းများ ပြုလုပ်ခဲ့သည့် အတွက် အမေရိကန် မြန်မာ ဆက်ဆံရေးမှာ ပြိုပျက်သွားခဲ့သည်။

ကချင် စစ်ပြေးဒုက္ခသည်များအတွက် 'မနောအလှ ဂီတည'



ချင်းမိုင်(မဇ္စျိမ) ။         ။ စစ်ပြေးဒုက္ခသည်များအတွက် ထောက်ပံ့လှူဒါန်းရန် ကချင်အဆိုတော်များ စုစည်းကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ 'မနောအလှ ဂီတည' အမည်ဖြင့် ဂီတဖျော်ဖြေပွဲတခု ကျင်းပသွားမည် ဖြစ်သည်။

လူသားချင်းစာနာသောအားဖြင့် ရန်ကုန်ရောက် ကချင်လူမျိုး နာမည်ကြီးအဆိုတော်များက စုစည်းကာ ယခုကဲ့သို့ စီစဉ်ရခြင်း ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် အဆိုတော် L လွန်းဝါက ပြောသည်။

“ဒုက္ခရောက်နေတဲ့လူတွေကို ကူညီမယ်။ ဘာနိုင်ငံရေးမှ မပါဘူး။ ရသမျှ အကုန်လုံး လှူမှာပါ။ ကျနော်တို့ အစည်းအဝေးလုပ်ပြီး ညှိပြီးတော့မှ ဒီပွဲလေး ဖြစ်လာတာပါ။ လူသားချင်း စာနာတဲ့ သဘောပေါ့ဗျာ။ ကိုယ့်လူမျိုးလည်း ဖြစ်နေတယ် ဆိုတော့ ပိုလုပ် ဖြစ်သွားတာပါ”ဟု သူက မဇ္စျိမကို ပြောသည်။ အဆိုပါ ရန်ပုံငွေပွဲတွင် ကချင်ရိုးရာ အကပဒေသာများလည်း ပါဝင်မည် ဖြစ်သည်။

'မနောအလှ ဂီတည'တွင် ကချင်တိုင်းရင်းသား အနုပညာရှင်များဖြစ်ကြသည့် နောနော်၊ Lခွန်းရီ၊ K ဂျာနူး၊ L ဆိုင်းဇီ၊ L လွန်းဝါ၊ N ကိုင်ရာ၊ ရေဗက္ကာဝင်း၊ Z အဘောက်၊ ဒေါင်လွဏ်း၊ အောင်းလာ၊ အောင်ရာလီ၊ အမ်းနော်၊ ဂျက်ဆန်ထွန်း၊ အာဇေး၊ ကော့မိုင်၊ ဘလူး ဘယ်ရီအဖွဲ့၊ အွန်ဆိုင်း၊ ဆိုင်းလူတို့ သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။
ရန်ပုံငွေ လက်မှတ်တစောင်လျှင် ကျပ် ၅၀၀၀ နှုန်း သတ်မှတ်ထားပြီး သီးသန့်လှူဒါန်းလိုသည့် အလှူရှင်များ အနေဖြင့် ငွေအားဖြင့်သော်လည်းကောင်း၊ ပစ္စည်းများဖြင့်သော်လည်းကောင်း လှူဒါန်းနိုင်ကြောင်း ပွဲတွင် ကြေငြာပေးထားမည်ဟု L လွန်းဝါက ဆိုသည်။

ဖျော်ဖြေပွဲမှ ရရှိသော အလှူငွေများကို  စစ်ပြေးဒုက္ခသည်များအတွက် အဆိုတော်များ ကိုယ်တိုင် မြစ်ကြီးနားမြို့အထိ သွားရောက် လှူဒါန်းမည် ဖြစ်သည်။

အဆိုပါ စစ်ပြေးဒုက္ခသည် ရန်ပုံငွေပွဲနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲတရပ် ကျင်းပမည် ဖြစ်သည်။

ယခုကဲ့သို့ ကူညီမည့် အစီအစဉ်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီရေး ကော်မတီ တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ ဒုက္ခရောက်နေတဲ့သူတွေကို စာနာစိတ်နဲ့ လာရောက် ကူညီမယ်ဆိုရင် အသံနဲ့ ပဲဖြစ်ဖြစ်၊ ပစ္စည်းနဲ့ ကူညီတာပဲ ဖြစ်ဖြစ်၊ မျက်နှာလာပြတာပဲ ဖြစ်ဖြစ်၊ ဝမ်းသာပါတယ်။ အရင်ကတော့ ကြားနေရတာပဲ ရှိတယ်။ အခုတော့ ကြိုဆိုပါတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

လက်ရှိအချိန်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသော စစ်ပြေးဒုက္ခသည်ပေါင်း ၆၀,၀၀၀ ကျော် ရှိရာ KIO ထိန်းချုပ် နယ်မြေအတွင်း ဒုက္ခသည် ၄၆,၀၀၀ ကျော် ရှိပြီး အစိုးရ ထိန်းချုပ်နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ်များတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၁၄,၀၀၀ ကျော်ရှိသည်ဟု သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင်  ငြိမ်းချမ်းရေးအဖွဲ့များနှင့် နှစ်ဘက် တွေ့ဆုံခဲ့ပြီးနောက် KIO တပ်ရင်း ၃၊ ၄၊ ၅ နယ်မြေများတွင် တိုက်ပွဲပေါင်း ၃၀ ကြိမ်ကျော် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရန်ကုန်လေဆိပ် လုံခြုံရေးအဆင့် မြှင့်ထား



ရန်ကုန် (မဇ္ဈိမ) ။         ။ မြန်မာ့လေကြောင်း (Myanma Airway) ပိုင် လေယာဉ်များကို ဗုံးခွဲတိုက်ခိုက်နိုင်ကြောင်း သတင်းရရှိထား၍ ရန်ကုန် မင်္ဂလာဒုံလေဆိပ် လုံခြုံရေးကို ဖေဖော်ဝါရီလ ၃ ရက် သောကြာနေ့မှ စ၍ လုံခြုံရေးအဆင့် ၁ သို့ တိုးမြှင့် သတ်မှတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိလာသည့် မြန်မာ့လေကြောင်းပိုင် လေယာဉ်များကို ဗုံးခွဲ တိုက်ခိုက်မည် ဟူသော ခြိမ်းခြောက်စာကြောင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအောက်ရှိ လေကြောင်း ထိန်းသိမ်းရေးဌာန (DCA- Department of Civil Aviation) က မင်္ဂလာဒုံလေဆိပ်ကို လုံခြုံရေး အဆင့် တိုးမြှင့်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ သောကြာနေ့က MAI လေယာဉ်တွေကို ဗုံးခွဲတိုက်ခိုက်ဖို့ ရှိတယ်ဆိုပြီး DCA က  လေဆိပ်လုံခြုံရေး အဆင့် ၁ တိုးမြင့်ထားတယ်။ သူတို့ဝန်ထမ်းတွေကို လုံခြုံရေး သတိရှိဖို့အတွက် ညွှန်ကြားထားတယ်” ဟု ရန်ကုန်လေဆိပ်မှ အဆင့်မြင့် အရာရှိတဦးက ပြောသည်။

မွတ်ဆလင် အမျိုးသားတဦးက ဗုံးခွဲတိုက်ခိုက်မည်ဟု သတင်းရရှိထားသဖြင့် လုံခြုံရေး အထူးသတိပြုရန် လိုကြောင်း ရန်ကုန်ုလေဆိပ်ရှိ MCS (Myanmar Cargo Services) ဂိုဒေါင်များတွင် သတိပေးစာများ ကပ်ထားကြောင်း မျက်မြင် သက်သေများက ပြောသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယင်းသို့ သတိပေးချက် ထုတ်ပြန်ထားသော်လည်း သာမန် ခရီးသွားလာသူများကမူ ရန်ကုန်လေဆိပ်အတွင်း ထူးခြားလုံခြုံရေး အစီအစဉ်များ မတွေ့ရကြောင်း ပြောသည်။

ရန်ကုန်မင်္ဂလာဒုံလေဆိပ် လုံခြုံရေးတာဝန်ယူထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနက်မှ တပ်မတော်(လေ) နှင့် စရဖ (လေ) စသည့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များကို မတ်လ ၁ ရက်နေ့ နောက်ဆုံးထား ရုတ်သိမ်းမည်ဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ လုံခြုံရေး တပ်ဖွဲ့များနှင့် DCA တို့ကသာ တာဝန်ယူသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ လကုန်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ လာရောက် ပြီး DCA ၊ စီအိုင်ဒီ၊ ရဲသတင်းတပ်ဖွဲ့များမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး စသည့် တာဝန်သူများနှင့် တွေ့ဆုံပြီး ဖေဖော်ဝါရီ လလယ်ပိုင်းမှစ၍ လုံခြုံရေးတာဝန်များ လွှဲပြောင်းရယူရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဝန်ခံမှုများ တိုက်တွန်းမှုများ ပြုလုပ်



ချင်းမိုင် (မဇ္ဈိမ) ။          ။ တပ်မတော်တွင် နှစ် ၄၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း တယောက်ဖြစ်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အင်္ဂါနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တိုင်းပြည် အခြေအနေနှင့် ပတ်သက်၍ ဝန်ခံမှုတချို့ ပြုလုပ်ခဲ့ပြီး  အမှန်တကယ် ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ကြရန် လွှတ်တော် အမတ်များကို တိုက်တွန်း ပြောဆိုသွားသည်။

"အမှန်အတိုင်း ဝန်ခံပြောဆိုရမည်ဆိုလျှင် ယနေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများ၏ လက်ရှိ ရရှိနေသော လုပ်ခ၊ လစာ၊ စရိတ်နှင့် ချီးမြှင့်ငွေများသည် ယနေ့ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိကြပါ။ အခြေခံစားဝတ်နေရေး၊ လူမှုရေးအတွက် လောက်ငစွာ မရရှိပါ" ဟု နိုင်ငံ့ဝန်ထမ်းများ လုပ်ခ လစာများ တိုးမြှင့်ပေးရန် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့သည်။

“လုပ်ခ၊ လစာနည်းတာကို အကြာင်းပြုပြီး လက်ဖက်ရည်ဖိုး၊ အလှူငွေ၊ စာရွက်စာတမ်းကြေးများ တောင်းယူခြင်းနင့် အခြားမလျော်ကန်သော လာဘ်ပေးလာဘ်ယူဆန်သည့် ပြုမူဆောင်ရွက်ခြင်းများကို နေရာအနှံ့ ဌာနအများစုလိုလိုပင် တခုမဟုတ်တခု ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတာကို ဝမ်းနည်းစွာ ကြားသိနေရပါတယ်” ဟုလည်း ပြောသွားသည်။

နိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြေခံထုတ်ကုန် ထုတ်လုပ်သူများမှာလည်း အရှုံးပေါ်နေပြီး “အရှုံးပေါ်နေမှုဟာ နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်းများကို များစွာ ထိခိုက်နေရပါတယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပြီး တာဝန်ရှိသူများက ဆောင်ရွက်မပေးရာလည်း ရောက်ပါတယ်။ ဒီအခြေအနေများကို ဝမ်းနည်းစိတ်မကောင်းစွာဖြင့် လက်ခံနေရမည့် အချိန်မဟုတ်တော့ပါဘူး” ဟုလည်း သူရဦးရွှေမန်း က ထည့်သွင်း ပြောသွားသည်။

မြန်မာနိုင်ငံ၏ အချို့ဒေသများတွင် အမိန့်ညွှန်ကြားချက်ဖြင့် နွေစပါး၊ မိုးစပါး စိုက်ပျိုးစေခြင်းသည်လည်း ဒေသ၏ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ပြီး၊ အသေးစိတ် လေ့လာခြင်းမရှိသည့် ဆည်စီမံကိန်းများကြောင့် အချို့ဒေသများတွင် လယ်မြေများ ရေကြီးကာ စိုက်ပျိုးနိုင်ခြင်း မရှိဟုလည်း ထောက်ပြ ပြောဆိုသွားသည်။

မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ် ဓာတ်အားပေးစက်ရုံများ၏ အခြေအနေနှင့် ပတ်သက်၍လည်း “စက်ရုံသာ ပြီးစီးပြီး ကျွမ်းကျင်လုပ်သားမရှိ၊ လုပ်သားမလုံလောက်၊ စက်ရုံသာပြီးစီးပြီး လျှပ်စစ်ဓာတ်အား မလုံလောက်၊ လျှပ်စစ်ဓာတ်အားမရ၊ စက်ရုံသာပြီးစီးပြီး စွမ်းအင်(Energy) ခေါ် Gas မလုံလောက်၊ Gas မရ၊ အခြားလိုအပ်သော လောင်စာစွမ်းအင်များမရ၊ ကုန်ကြမ်းများ မလုံလောက်၊ ကုန်ကြမ်းများမရ" ဟုလည်း ထည့်သွင်းပြောသွားသေးသည်။

အတိတ်မှ မှားယွင်းမှုများကို သင်ခန်းစာယူကာ ပြုပြင်ပြောင်းလဲမှုများ ရဲဝံ့စွာ ဆောင်ရွက်သွားကြရန်လည်း သူ၏ လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ဦးရွှေမန်းက ထည့်သွင်း ပြောကြားသွားသေးသည်။

“အတိတ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စများကို ပြစ်တင်ဝေဖန်မှုပြုနေလျှင်လည်း ဘာမှအကျိုးမထူးပါ။ အတိတ်အပေါ် သင်ခန်းစာများယူပြီး ရဲဝံ့စွာ ပြုပြင်ဆောင်ရွက်သွားဖို့ပဲ လိုပါတယ်။ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ကြရပါ မယ်။ ခံယူချက်(Concept)တွေ၊ စိတ်ထား(Mind set)တွေ ခေတ်မီဖို့ ခေတ်နှင့်လျော်ညီဖို့ လိုပါတယ်။ ကောင်းတာဖြစ်ဖို့ ပြောင်းလဲကြရအောင်ပါ။ ကိုယ့်နိုင်ငံ၊ ကိုယ့်နိုင်ငံသားကို တကယ်ချစ်လျှင် ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့် ဘာသာအယူအစွဲမထားဘဲ စီမံဆောင်ရွက် ကြရအောင်ပါ။ သန်း ၆ဝ သော ပြည်သူလူထုကြီး၏ မျက်နှာနှင့် အကျိုးစီးပွားကိုကြည့်ကြရအောင်ပါ” ဟု ဦးရွှေမန်းက လွှတ်တော် ကိုယ်စားလှယ်များကို ပြောဆိုသွား သည်။

ဦးရွှေမန်းက သူ၏ လွှတ်တော်အတွင်း တင်ပြမှုများနှင့်ပတ်သက်၍ “ကျနော်တင်ပြနေတာက ပြည်သူများရဲ့ အသံတွေပါ၊ ပြည်သူများထဲမှ ဝန်ထမ်းများ၏ အသံတွေပါ၊ ပြည်သူ့ရဲ့ ဆန္ဒတွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေပါ။ ပြည်သူများ၏ မျှော်လင့်ချက်တွေကို ဤပြည်ထောင်စုလွှတ်တော်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ အမြင့်ဆုံးသော သြဇာအကြီးမားဆုံးသော ဤလွှတ်တော်ကြီးက အတည်ပြုပေးပါ” ဟုလည်း ထည့်သွင်းပြောသွား သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည့် ဦးရွှေမန်းသည် ဇန်နဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ အထူးအစည်းအဝေးတွင်လည်း သူ၏ ပါတီဝင်များကို “အမြီးရ အမြီးစား၊ ခေါင်းရ ခေါင်းစား မလုပ်ကြနဲ့တဲ့။ စစ်ဆေးလို့ရှိရင်တော့ အကုန်ပြုတ်မှာ" သတိပေးသွားကြောင်း ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီမှ ဗဟိုဦးစီး အဖွဲ့ဝင် တဦးက မဇ္ဈိမကိုပြောသည်။

ဗိုလ်ချုပ်ကြီးရာထူးဖြင့် စစ်တပ်တပ်မှ ၂ဝ၁ဝ ခုနှစ်တွင် အနားယူကာ အောက်လွှတ်တော်ဥက္ကဋ္ဌဖြစ်လာသူ ဦးရွှေမန်းသည် ၂ဝ၁ဝ ခုနှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ပြုလုပ်သည့် “ကမ္ဘာ့ ဒီမိုကရေစီနေ့” တွင် မိမိကိုယ်ကိုယ် “ဒီမိုကရေစီ ဘက်တော်သား” ဟု သုံးနှုန်းပြောဆိုခဲ့သူလည်းဖြစ်သည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှ အနားယူကာ နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ကြံ့ခိုင်ရေးပါတီပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သူဖြစ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သည့် ဦးရွှေမန်းသည် အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်တဦးလည်း ဖြစ်သည်။

ခိုးကူးခွေများ ဖမ်းပေးဖို့ အကယ်ဒမီ ဝေဠုကျော် အာဏာပိုင်များကို တောင်းဆို



ချင်းမိုင် (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံက ထွက်ရှိနေသော ရုပ်ရှင်နှင့် ဗွီဒီယိုကားများအား တရားမဝင် ခိုးကူး
ရောင်းချနေမှုများအား အာဏာပိုင်များအနေဖြင့် စနစ်တကျ ဖမ်းဆီး အရေးယူပေးရန် ရုပ်ရှင်နှင့် ဗွီဒီယိုသရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် က တောင်းဆိုလိုက်သည်။

၂ဝ၁ဝ ခုနှစ်အတွက် ပူပူနွေးနွေး အကယ်ဒမီဆု ရရှိသူ မင်းသားဝေဠုကျော်က အင်္ဂါနေ့က နေပြည်တော်တွင် ပြုလုပ်သော အကယ်ဒမီဆုပေးပွဲအခမ်းအနား၍ အကယ်ဒမီဆုရရှိမှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကား ပြောကြားရာ တွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“လမ်းဘေး၌ ခိုးနေကြသော ခိုးကူးခွေများ အားလုံးကိုလည်း စနစ်တကျ ဖမ်းပေးပါလို့ ဒီနေရာကနေ နိုင်ငံတော် အကြီးအကဲများကို မေတ္တာရပ်ခံတောင်းဆိုအပ်ပါသည်” ဟု သူက အကယ်ဒမီ ဆုပေးပွဲတွင် ပြောဆိုသွားသည်။
ဝေဠုကျော်သည် ၂ဝ၁၁ ခုနှစ် ရုပ်ရှင်အကယ်ဒမီဆုအတွက် ရွေးချယ်ရာတွင် “ပင်လယ်ထက်က နေဝန်းနီ” ရုပ်ရှင်ကားဖြင့် အမျိုးသား ဇာတ်ပို့ဆု ရရှိခဲ့သည်။


ခိုးကူးခွေ ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် ပြသခြင်းတို့ လုပ်ဆောင်ပါက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမည်ဟု ရန်ကုန်တိုင်း ကောင်စီ (တယက) က ၂ဝ၁ဝ ခုနှစ် အစောပိုင်းတွင် ကြေညာခဲ့ပြီး ရဲနှင့် မြို့နယ် ဗီဒီယိုအခြေခံ အဖွဲ့ဝင်များက လှည့်လည် စောင့်ကြည့်နေခြင်း ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုနှစ်အထိ ရန်ကုန်မြို့ လူစည်ကားရာနေရာများနှင့် အခွေဆိုင်တချို့တွင် ခိုးကူးခွေများ ရောင်းချနေဆဲ ဖြစ်ကြောင်း ရုပ်ရှင်နှင့် ဗွီဒီယို ထုတ်လုပ်ဖြန့်ချိသူများထံမှ စုံစမ်းသိရှိရသည်။

တရားမဝင် ခိုးကူးခွေရောင်းချမှုသည် နယ်မြို့များထိပါ ပြန့်နှံ့နေသဖြင့် ဗွီဒီယို ထုတ်လုပ်ရေး လုပ်ငန်းတချို့မှာလည်း ရပ်ဆိုင်းရတော့မည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း ကျောက်တံတားမြို့နယ် ဗွီဒီယို ရိုတ်ကူး၊ ထုတ်လုပ်၊ ဖြန့်ချိရေး လုပ်ဆောင်နေသူတဦးက ပြောသည်။

“ခိုးကူးခွေတွေကို နယ်တွေကို ဖြန့်တယ်။ ကြိုရောက်နေတယ်။ နယ်ကိုယ်စားလှယ်တွေက သူတို့လည်း မရောင်းရတော့ ပိုက်ဆံ ပြန်မလွှဲနိုင်ဘူး။ ကျနော်တို့လည်း အကြွေးကျ။ ဒါကြောင့် ဘယ်လိုမှ ဆက်လုပ်ဖို့ အဆင်မပြေတော့ဘူး ဒီပုံစံအတိုင်း နောက် ၂ လ လောက်ထိ ဆက်သွားနေမယ်ဆိုလို့ရှိရင် တကယ်ထုတ်လုပ်သူတွေ တော်တော်များများ ရပ်ဖို့တောင် တချို့တွေ လုပ်နေကြတယ်။ အကြီးကြီးတွေ မရပ်ရင်တော့မှ ထုတ်လုပ်သူ အသေးတွေက သေချာ သလောက် ရပ်တော့မယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

အစိုးရ အာဏာပိုင်များအနေဖြင့် ခိုးကူးခွေများ ပပျောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသော်လည်း ယခင်နှစ် နှစ်ကုန်ပိုင်းက ရုပ်ရှင်ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် အချက်အချို့ကို ဖြေလျှော့ပေးခဲ့သည်။ ထိုသို့ အစိုးရတာဝန်ရှိသူများ အနေဖြင့် ရုပ်ရှင်ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် ဆင်ဆာမူများကို လျှော့ချပေးခဲ့ခြင်း အတွက်လည်း ကျေးဇူးတင်ကြောင်း ဝေဠုကျော် က အကယ်ဒမီ ဆုပေးပွဲတွင် ပြောဆိုခဲ့သည်။

“ကျနော်တို့ ရုပ်ရှင်ဗွီဒီယိုလောကသားများရဲ့ မှတ်တိုင်ဟာ အကယ်ဒမီလို့ ပြောလို့ရပါတယ်။ အဲဒီ မှတ်တိုင်ကို ရောက်ဖို့အတွက် ကျနော်တို့ ကားကြီးတွေ ရိုတ်ရပါမယ်။ ဒါပေမယ့် ကားကြီးတွေရိုတ်ရင်းနဲ့ အမြဲတမ်း ရပ်တည်လို့ မရပါဘူး။ ကျနော်တို့ တကယ် ထမင်းစားရတာ ဗွီဒီယိုပါ။ အဲဒီတော့ ဗွီဒီယိုလောကကြီး ကောင်းဖို့အတွက်လည်း ကြိုးစားရပါဦးမည် နိုင်ငံတော်ကလည်း ဆင်ဆာ မူများနှင့်ပါတ်သက်လို့ လျှော့ပေးခဲ့ပါပြီ။ အဲဒီအတွက်လည်း ဝမ်းသာပါသည်။ ကျေးဇူးတင်ပါသည်” ဟု ဝေဠုကျော် က ပြောဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်နှင့် ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် အချက် ၁ဝ ချက်ထဲမှ “ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှု ကင်းရှင်းရေး၊ ကလေးသူငယ်များအရေး” ဟူသည့် အချက် ၄ ချက်ကို ၂ဝ၁၁ ဒီဇင်ဘာလထဲတွင် လျှော့ချပေးခဲ့သည်။

မြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းရေးကို  ကြိုးစားလုပ်ဆောင်နေမှုများတွေ့ရှိရသဖြင့် သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ၂ဝ၁ဝ ခုနှစ်၏ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရှင် ပြေတီဦး ကလည်း ကျေးဇူးတင်စကား ချီးမြင့်ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“အခုဆိုရင်ကျနော်တို့ရဲ့ နိုင်ငံကြီးဟာ အသွင်ကူးပြောင်းပြီးတော့ ဒီမိုကရေစီနိုင်ငံကြီးကို စတင် အားယူပြီးတော့ ပြောင်းလဲ နေပါပြီ။ ကျနော်တို့တွေဟာ ကောင်းသော ပြောင်းလဲခြင်းတွေ အားလုံးကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေရပါပြီ။ အဲဒီအတွက် နိုင်ငံတော်အကြီးအကဲများအားလုံးကိုလည်း ကျေးဇူး အရမ်းတင်ပါတယ်” ဟု
ပြေတီဦးက ပြောသည်။

၂ဝ၁၁ ခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြင့်ရာတွင် အကောင်းဆုံး ဇာတ်ကားဆုကို ဒါရိုတ်တာ ဝိုင်း ရိုတ်ကူးထားသည့် “အာဒမ်ရယ်၊ ဧဝရယ်၊ ဒဿရယ် ” ဇာတ်ကားက ရရှိခဲ့ပြီး အကောင်းဆုံး ဒါရိုတ်တာ ဆုနှင့် ဇာတ်ညွှန်းဆုအား “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဒါရိုတ်တာ ခင်မောင်ဦး၊ စိုးသိန်းထွဋ် တို့က ရရှိခဲ့သည်။

ထို့အတူ အမျိုးသား ဇာတ်ဆောင်ဆုနှင့် အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် “အာဒမ်ရယ်၊ ဧဝရယ် ဒဿရယ် ” ဇာတ်ကားတွင် အဓိက ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် ပြေတီဦးနှင့် သက်မွန်မြင့်တို့က ရရှိသည်။ အမျိုးသားဇာတ်ပို့ဆု ကို “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဝေဠုကျော်၊ အမျိုးသမီး ဇာတ်ပို့ဆုကို “အမေ့ကျေးဇူး ဆပ်ဖူးချင် တယ်” ဇာတ်ကားဖြင့် ဝါဝါအောင် တို့က ရှိခဲ့သည်။

တည်းဖြတ်ဆုကို “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ဦးမြင့်ခိုင်၊ တေးဂီတဆုကို “အငိုမျက်လုံး အပြုံးမျက်နှာ” ဇာတ်ကားဖြင့် မြန်မာပြည်ကျောက်စိမ်းနှင့် ဓါတ်ပုံဆုကိုတော့ “ပင်လယ်ထက်က နေဝန်းနီ” ဇာတ်ကားဖြင့် ပန်းချီစိုးမိုး တို့က ရရှိသွားကြသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၁၉၅၂ ခုနှစ်မှ ၂ဝ၁ဝ ထိ နှစ်စဉ်ချီးမြှင့်ခဲ့ပြီး ဆုအရေအတွက် ၃၂၈ ခုရှိပြီဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက အကယ်ဒမီဆုပေးပွဲ မိတ်ဆက်စကားပြောရာ၌ ထည့်သွင်း ပြောဆိုခဲ့သည်။ ဆုအမျိုးအစားကို ၁၁ မျိုး သတ်မှတ်ထားသည်ဟုလည်း ဆိုသည်။

Tuesday, February 7, 2012

ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်ကိုင်ရရှိရေး လုပ်ဆောင်မည်ဟု ဒေါ်စု ပြော



ချင်းမိုင် (မဇ္ဈိမ) ။      ။ ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင်ရရှိရေးတို့ကို ကြိုးစား လုပ်ဆောင်သွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပါတီစည်းရုံးရေး ခရီးစဉ်ဖြင့် ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရောက်ရှိနေစဉ် အင်္ဂါနေ့ မွန်းလွဲပိုင်းက မြို့ခံလူထုပရိတ်သတ် ၃ သောင်းကျော်ကို မိန့်ခွန်း ပြောကြားစဉ် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။

“လူငယ်တွေကို ပြုစုပျိုးထောင်ပေးချင်တယ်။ ပညာတွေ ပိုပြီးတော့ ရအောင်လို့ လုပ်ပေးချင်တယ်။ လူကြီးလူငယ် မရွေး အားလုံးဟာ တင့်သင့်တဲ့ ကျန်းမာရေး စောင့်လျှောက်မှု ရဖို့ဆိုတာ ကျမတို့ NLD ရဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ဒါဟာ ရိုးရိုးလေးပါ။ ကျမတို့ နိုင်ငံမှာ ပညာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ ကျန်းမာရေးစနစ်ကို ပိုပြီးတော့ ကောင်းမွန်အောင် လုပ်ရမယ်။ တင့်သင့်တဲ့ လစာတွေ၊ အလုပ်အကိုင်တွေ ရဖို့အတွက် ကျမတို့ ကြိုးစား သွားရမယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဒေသခံ လူထုကို ပြောသည်။

NLD အနေဖြင့် ပြည်သူ့အကျိုးအတွက် ရည်မှန်းကာ ၂ဝဝ၈ အခြေခံဥပဒေထဲမှ ပြင်ဆင်စရာ လိုအပ်နေသည့် အချက်များကို ပြင်နိုင်ဖို့ ရည်ရွယ်ပြီး တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုကြီးအတွင်း အေးချမ်းသာယာစွာ နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို အလေးထား လုပ်ဆောင်မှာဖြစ်သလို ပြည်သူများကို အကာအကွယ်ပေးနိုင်မည့် ဥပဒေစိုးမိုးရေးတို့ကိုလည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“ဥပဒေစိုးမိုးရေးဆိုတာ ဘာလဲဆိုတော့ ပြည်သူတွေကို အကာအကွယ်ပေးမယ့် ဥပဒေတွ စိုးမိုးခြင်း ဖြစ်ပါတယ်။ ဥပဒေဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့အတွက် သုံးရမယ့် အရာပါ။ ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့ နေရာမှာ သုံးရမယ့် အရာ မဟုတ်ပါဘူးဆိုတာ အားလုံးသိအောင် ပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က မြောင်းမြ လူထုပရိတ်သတ်အား ပြောသည်။

မြို့ခံလူထုကလည်း လက်ခုပ်သြဘာပေး ထောက်ခံခဲ့ကြသလို “အမေစု ကျန်းမာပါစေ” ဟုလည်း အော်ဟစ် ဆုတောင်းကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြောင်းမြခရီးစဉ်တွင်  အစိုးရဝန်ထမ်းများလည်း အရပ်ဝတ်ဖြင့် လာရောက်ကြိုဆိုမှုများရှိခဲ့သည်။ မြို့ခံတဦးက “ဒီလိုကြိုဆိုမှုမျိုး ကျနော်တို့မြို့မှာ တခါမှ မရှိခဲ့ဖူးဘူး” ဟု မှတ်ချက်ပြုသည်။

ဧရာဝတီတိုင်း ခရီးစဉ်၌ ပုသိမ်နှင့် မြောင်းမြမြို့များကို ဦးတည်သွားခဲ့သော်လည်း အသွားနှင့် အပြန် ခရီးတလျှောက် တွင် ထိုမြို့နှစ်မြို့အပါအဝင် လမ်းတလျှောက်ရှိ ကျေးရွာ ဒေသခံများက ကရင်ဒုံးယိမ်းအကများ၊ ပန်းစည်း၊ ပန်းကုံးများ၊ NLD အမှတ်တံဆိပ် ခွပ်ဒေါင်းအလံများကို ဝှေ့ယမ်းကာ ကြိုဆိုနှုတ်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပုသိမ်မြို့တွင်လည်း မြို့အဝင် လမ်းတလျှောက် ကြိုဆိုသူများ ပြည့်နှက်နေပြီး နည်းပညာ တက္ကသိုလ်မှ ကျောင်းသူ ကျောင်းသားများကလည်း NLD အမှတ် တံဆိပ် ခွပ်ဒေါင်းအလံများ၊ အင်္ကျီများ၊ ဦးထုပ်များကို ဝတ်ဆင်ကာ ကြိုဆိုခဲ့ကြသလို မြို့ပေါ်ရှိ “ကိုးသိန်း”အားကစားကွင်းကြီးအတွင်း၌ လူဦးရေး တသိန်းဝန်းကျင်ခန့် လာရောက် ကြိုဆိုခဲ့ကြကြောင်း ယင်းခရီးစဉ်တွင် လိုက်ပါသွားသူများနှင့် ဒေသခံတို့ အပြောအရ သိရသည်။

ပုသိမ်မြို့ ကိုးသိန်း ကွင်းအတွင်း ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းထဲတွင် ဒေသခံများအနေဖြင့် ကြားဖြတ်ရွေး ကောက်ပွဲ မဲပေးရာတွင် ပယ်မဲများ ဖြစ်မသွားစေရန် ဂရုတစိုက် မဲပေးကြရန်နှင့် မဲများ မပျောက်ဆုံးစေရန် အတွက်လည်း ဒေသခံ ပြည်သူများက စောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုသွားသည်။

“မဲထည့် ပေးတဲ့နေရာမှာလည်း မမှားနဲ့နော်။ ပယ်မဲဖြစ်အောင်လည်း မလုပ်ပါနဲ့။ ကျမတို့မဲတွေဟာ ပယ်မဲဖြစ်တာ လွယ်ပါတယ်။ ဘယ်လို မဲထည့်ရမလဲဆိုတဲ့ လက်ကမ်းစာစောင်တွေလည်း ကျမတို့ ဝေပါမယ်။ ဘယ်လို မဲထည့်ရမယ်။ ပယ်မဲ မဖြစ်အောင် ကိုယ်တိုင်တင်မက ကိုယ်ရဲ့ အသိမိတ်ဆွေတွေကိုလည်း ပညာပေးပြီးတော့ နှိုးဆော်ပေးကြပါလို့ ကျမ မေတ္တာရပ်ခံပါတယ်” ဟုဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသွားသည်။

ထို့အတူ တခဲနက် ကွင်းလုံးပြည့် လာရောက်အားပေးကြသည့် ပရိတ်သတ်ကြီးကို “အခုဒီလောက်ထိ အင်တိုက်အားတိုက် ကြိုပြီးမှ ပုသိမ်မှာ ကျမတို့ မဲများများ မနိုင်ရင်တော့ တခုခုတော့ မဟုတ်တော့ဘူးနော်” ဟု ဒေါ်အောင်ဆန်းစုကြည်က အရွှန်းဖောက် ပြောဆိုသွားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

၁၉၈၉ ဧပြီလ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်တွင်မှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့သို့ နေချင်းပြန် ခရီး သွားရောက်ရာတွင် ထားဝယ်မြို့ခံတို့ ထောင်ပေါင်းများစွာတို့ ကြိုဆိုခဲ့ကြသည်။ ယင်းအပြင် ယခုလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ရန် စီစဉ်ထားသော်လည်း ဟောပြောပွဲ ကျင်းပရန် နေရာ အခက်အခဲ ရှိနေခြင်းကြောင့် ခရီးစဉ်ကို ခေတ္တ ရွှေ့ဆိုင်းထားလိုက်ရသည်။

KNU ခွဲထွက် ဗိုလ်ချုပ်ထိန်မောင်အဖွဲ့နှင့် အစိုးရ အပစ်ရပ် လက်မှတ်ထိုး



ချင်းမိုင်(မဇ္စျိမ) ။         ။ ကရင်အမျိုးသားအစည်းအရုံးမှ ခွဲထွက်ခဲ့သည့် ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်သည့် KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီနှင့် အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ နှစ်ဘက် အပစ်အခတ် ရပ်စဲရေးအတွက် အင်္ဂါနေ့က ပဏာမ သဘောတူ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

အပစ်ရပ်စာချုပ် ဖြစ်လာမည့် သဘောတူညီချက်ကို ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်သောအဖွဲ့နှင့် ကရင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်လွင်တို့ နေပြည်တော်ရှိ အမရာဟိုတယ်၌ အင်္ဂါနေ့ နံနက် ၉ နာရီမှ မွန်လွဲ ၁ နာရီထိ တွေ့ဆုံဆွေးနွေးအပြီး လက်မှတ်ရေးထိုးခဲ့ရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းလည်း တက်ရောက်သည်ဟု သိရသည်။

“ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေကြတာ တွေ့ရတယ်။ သူတို့အဖွဲ့က တကယ်တမ်းတော့ အစိုးရနဲ့ တိုက်နေခိုက်နေတဲ့အဖွဲ့ မဟုတ်ပါဘူး။ သူတို့ဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေကို အစိုးရဘက်က သဘောတူပေးမယ် ဆိုတဲ့အချက်ကို ပဏာမ သဘောတူလိုက်တယ်”ဟု လက်မှတ်ထိုးပွဲသို့ ရောက်နေသည့် မြန်မာ့စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အတွင်းရေးမှူး ဦးကိုကို(စက်မှု)က ပြောသည်။

KNU/KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်များအား မယ်လ၊ ထို့ကော်ပိုး ဒေသများတွင် နေထိုင်ရေး၊ အပစ်အခတ် ရပ်ဆိုင်းရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ပေးရေး၊ တဖက်နှင့်တဖက် လက်နက်ကိုင်ဆောင် သွားလာရန် ကြိုတင် ညှိနိုင်းရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ရုံးဖွင့်လှစ်ပေးရေးအပါအဝင် အချက် ၇ ချက်ကို ပြည်နယ်အဆင့်တွင် သဘောတူညီခဲ့သည်။

ဆက်ဆံရေးရုံးများကို ကော့သောင်း၊ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ မောတောင်၊ ဘုရားသုံးဆူမြို့များတွင် ဖွင့်လှစ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

ယခု နှစ်ဘက်တွေ့ဆုံပွဲသို့ ပြည်တွင်း သတင်းထောက် ၁၀၀ ဝန်းကျင် တက်ရောက် သတင်းယူခဲ့သည်ဟု သိရသည်။

ဗိုလ်ချုပ်ထိန်မောင် တပ်ဖွဲ့သည့် ၂ဝဝ၇ ခုနှစ်တွင် KNU/KNLA မှ ခွဲထွက်၍ နအဖ အစိုးရနှင့် အပစ်အခတ် ရပ်ဆိုင်းရန် သဘောတူခဲ့သော်လည်း တရားဝင်စာချုပ် စာတမ်းနှင့် လက်မှတ်ရေးထိုးခဲ့ခြင်း မရှိခဲ့ပေ။

၂ဝ၁ဝ ခုနှစ်တွင် နအဖ အစိုးရဘက်မှ ထိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဖိအားပေးမှုကို ငြင်းဆန်ခဲ့သဖြင့် ဆက်ဆံရေး ပြတ်တောက် သွားခဲ့သည်။

ယခုလက်မှတ်ရေးထိုးမှုမှသည် ကရင်ပြည်သူလူထုအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်လာရန် လိုကြောင်း ပင်မ KNU အတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောသည်။

“ကျမတို့အနေနဲ့ အစိုးရဘက်က လက်မှတ်လိုက်ထိုးဖို့ လုပ်နေတယ်ဆိုရင်လည်း ကရင်တမျိုးသားလုံးရဲ့ ငြိမ်းချမ်းရေး ဖြစ်ဖို့လိုတယ်။ အဖွဲ့ငယ်ဖြစ်စေ၊ အဖွဲ့ကြီးဖြစ်စေ၊ လက်မှတ်ရေးထိုးထားတာရှိရင် နိုင်ငံတကာကို သူတို့က ငြိမ်းချမ်းရေး လုပ်ဆောင်နေတယ်လို့ဖော်ပြနေတာ ဖြစ်တယ်” ဟု သူက မဇ္စျိမကို ပြောသည်။

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့များအနေဖြင့် ၂ဝ၁၁ ခုနှစ် နိုဝင်ဘာလကတည်းက  တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်ဆိုင်းရေး ဆွေးနွေးမှုများပြုလုပ်လာရာ ဝ,ပြည်သွေးစည်းညီညွတ်ရေး (UWSA)၊ မိုင်းလား အဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည်တောင်ပိုင်းတပ် (SSA-S)၊ ရှမ်းပြည်မြောက်ပိုင်းတပ် (SSA-N)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ပအိုးဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)တို့နှင့် အစိုးရအကြား ပဏမ တွေ့ဆုံ ခဲ့ကြသော်လည်း အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပေ။

ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအင်အားစုများ ဖြစ်ကြသည့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု(FDB) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)(NLD-LA)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) တို့နှင့်လည်း မီးရထားဝန်ကြီး ဦးအောင်မင်းက တွေ့ဆုံပြီး ပြန်လာကြရန် ဖိတ်ခေါ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger