skip to main | skip to sidebar

Thursday, February 2, 2012

ဇိုမီးအဖွဲ့ ZRO ကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှု မရှိသေး



နယူးဒေလီ (မဇ္ဈိမ) ။       ။ ဇိုမီးအမျိုးသားများ ကိုယ်ပိုင်အုပ်ချုပ်ရေး အတွက် တိုက်ပွဲဝင်နေသည့် ဇိုမီး
သွေးစည်းညီညွှတ်ရေး တပ်ဦး Zomi Re-unification Organisation (ZRO) အား မြန်မာအစိုးရ က ငြိမ်းချမ်းရေး ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း သိရသည်။

အိန္ဒိယ-မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လက်နက်ကိုင် လှုပ်ရှားနေကြသည့် ချင်းအမျိုးသားတပ်ဦး နှင့် ရခိုင်လွတ်မြောက်ရေးပါတီတို့အား မြန်မာအစိုးရက ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ကမ်းလှမ်းမှုများ ရှိခဲ့ပြီးဖြစ်သော်လည်း ZRO အား ယခုချိန်ထိ ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း ZRO  ပြန်ကြားရေးတာဝန်ခံ ဦးမင်းထန် က မဇ္ဈိမကို ပြောသည်။

“မြန်မာပြည်ကို ကျနော်တို့ လက်နက်နဲ့တိုက်တာ မရှိဘူးပေါ့နော်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ
ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော်တို့ လက်တွဲပြီးတော့ NLD ရဲ့ မူ၊  ရည်မှန်းချက်တွေကို ကျနော်တို့က အိန္ဒိယနိုင်ငံကနေ ထောက်ခံတာပေါ့” ဟု ပြောသည်။

လက်ရှိအိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် အခြေစိုက်သည့် ZRO အား ၁၉၉၃ ခုနှစ်က ကချင်လွတ်မြောက်ရေးအဖွဲ့၏ နယ်မြေ ဖားပြင်ဒေသတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အင်အား တထောင်ကျော်ကို လက်ရှိဥက္ကဋ္ဌ ပူးထန်လျန်ပေါင် က ခေါင်းဆောင်နေခြင်း ဖြစ်သည်။

ဦးထန်လျန်ပေါင်မှာ ဇိုမီးအမျိုးသားကွန်ဂရက် ZNC အတွင်းရေးမှူး(ဟောင်း) ဖြစ်ပြီး ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦးလည်း ဖြစ်သည်။

ဇိုမီးအမျိုးသားများသည် မြန်မာနိုင်ငံ တမူး၊ ကလေး၊ ကဘော်ချိုင့်ဝှမ်း၊ ချင်းပြည်နယ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့် နိုင်ငံများတွင် ပြန့်ကျဲနေထိုင်လျက်ရှိပြီး ယခုအခါ မြန်မာနှင့်အိန္ဒိယ အစိုးရများထံ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် လက်နက်စွဲကိုင်ထားကြောင်း ဦးမင်းထန် က ပြောသည်။

“ကျနော်တို့ရဲ့ လုံခြုံရေးအရပေါ့။ ကျနော်တို့ အနုနည်းနဲ့ ရရင်လည်း ရတယ်ပေါ့။ အနုနည်းနဲ့ မရဘူးလို့ တွေးထား တယ်။ အဲတော့ ကျနော်တို့က ကိုယ်ကနေ ခုခံကာကွယ်နိုင်ဖို့၊ အဲဒါ ကျနော်တို့ လက်နက်ကိုင်ရခြင်းဖြစ်တယ်။ ကျနော်တို့ရဲ့ ပြန်လည်သွေးစည်းညီညွှတ်ရေး ပေါ်လစီ အောင်မြင်ရေးအတွက်ပဲ ဖြစ်တယ်” ဟုဆိုသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က အိန္ဒိယ ပြည်ထဲရေးဝန်ကြီး P. Chidambaram နှင့် ZRO အဖွဲ့တို့ တွေ့ဆုံခဲ့ရာ တွင် ဝန်ကြီးက ZRO အဖွဲ့၏ ဒေသန္တရ ငြိမ်းချမ်းရေး ထိမ်းသိမ်းပေးမှုအတွက် အသိအမှတ်ပြုကြောင်း ZRO အဖွဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနက ထုတ်ပြန်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger