skip to main | skip to sidebar

Friday, January 27, 2012

ပအိုဝ်း PNLO ငြိမ်းချမ်းရေး ကိုယ်စားလှယ်ရွေးပြီး၊ ဆွေးနွေးရက် မသိရသေး



ချင်းမိုင် (မဇ္ဈိမ) ။        ။ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO က အစိုးရနှင့် ဆွေးနွေးရန် အဖွဲ့ဝင် ၅ ဦးပါသည့် ငြိမ်းချမ်းအဖွဲ့ ဖွဲ့စည်းထားရှိကြောင်း ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

PNLO ၏ ငြိမ်းချမ်းရေးအဖွဲ့တွင် အတွင်းရေးမှူး ခွန်မြင့်ထွန်း ဦးဆောင်ပြီး ဗဟိုကော်မတီဝင်များ ဖြစ်သည့် တွဲဘက် အတွင်းရေးမှူး-၁ ဗိုလ်မှူးကြီး ခွန်သူရိန်၊ ခွန်အောင်ကျော်၊ ခွန်အိုး၊ ခွန်မျိုး တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းများကို ထိုင်းနိုင်ငံမှ အကျိုးဆောင်နေသူ ဦးညိုအုန်းမြင့် က သမ္မတကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားရေး ပြောဆိုလာသော်လည်း ရက်အတိအကျ ကိုမူ ယခုတိုင် မသိသေးကြောင်း ခွန်ဥက္ကာက ပြောသည်။

“တွေ့မယ်ဆိုရင်တော့ UNFC မူပါပဲ။ နိုင်ငံရေးဆွေးနွေးဖို့ အဓိကဖြစ်တယ်။ နိုင်ငံရေးဆွေးနွေးမှု အာမခံချက်မရှိရင် အပစ်ခတ်ရပ်စဲရေး မရှိဘူးပေါ့ဗျာ။ အပစ်ရပ်စာရင်းထဲ ထည့်ရုံလောက်တော့ ကျနော်တို့မှာ စိတ်ကူးမရှိပါဘူး” ဟု မဇ္ဈိမကို ပြောသည်။

တိုင်းရင်းသားအဖွဲ့အစည်း ၁၁ ခုဖြင့် စုဖွဲ့ထားသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များအနေဖြင့် အစိုးရ ကိုယ်စားလှယ်များနှင့် တဖွဲ့ချင်း ပဏာမတွေ့ဆုံနိုင်ပြီး အပစ်ရပ် လက်မှတ်ထိုးခြင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းကို UNFC တစုံလုံး အနေဖြင့် ဆောင်ရွက်မည်ဟု စတင်ဖွဲ့စည်းစဉ်က သဘောတူထားကြ သည်။

“အရင်တုန်းကတော့ တဖွဲ့ချင်းလည်း မရပ်နဲ့ပေါ့။ အပစ်ရပ်စကားတော့ ပြောပေါ့။ လက်မှတ်ထိုးရင် အကုန်လုံး ပေါင်းထိုးမှာပေါ့ဗျာ။ ဒါပေမယ့် အခုက အပစ်ရပ်စဲတဲ့ကိစ္စကို တဖွဲ့ချင်း ရပ်နေပြီဆိုတော့ မတတ်နိုင်တော့ဘူးလေဗျာ” ဟု သူက ဆက်ပြောသည်။

ဇန်နဝါရီလအတွင်းက အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ထိုင်းနယ်စပ်တွင် အလွတ်သဘော ပဏာမ တွေ့ဆုံခဲ့ဖူးသူ ခွန်ဥက္ကာ က အစိုးရအနေဖြင့် တဖွဲ့ချင်း အပစ်ရပ်စဲရေး လက်မှတ်ထိုးရန်သာ အဓိက လိုချင်နေပြီး တနိုင်ငံလုံး အပစ်ရပ်ရေးအတွက် ဆောင်ရွက်ချက်များ မတွေ့ရဟု ဆိုသည်။

“အခုဟာက တပြည်လုံး အပစ်ရပ်စဲရေးလို့ တင်လိုက်တာ မူအားဖြင့်လက်ခံတယ် ပြောလိုက်တယ်။ ဒါပေမယ့် ဘာမှ မလုပ်ပေးဘူးလေ။ ကျနော်တို့ကတော့ အဲဒီလို အလွယ်တကူလုပ်ဖို့ စိတ်ကူးမရှိဘူးဗျ” ဟု သူက ဆက်ပြောသည်။

တရုတ်-မြန်မာနယ်စပ်မှ မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောကမူ အစိုးရက အပစ် ရပ်ရေး၊ ဖွံဖြိုးရေး၊ နိုင်ငံရေး ဆွေးနွေးရေး အဆင့် ၃ ဆင့်ဖြင့်သွားနေကြောင်း၊ အပစ်ရပ်ရေးတခုသာ ဆောင်ရွက်ခဲ့ဖူးသည့် တိုင်းရင်းသား အဖွဲ့များ၌လည်း အဖွဲ့တွင်း အကွဲအပြဲများဖြင့်သာ ကြုံခဲ့ရသဖြင့် နိုင်ငံရေးအရ အဖြေရှာရန် လိုအပ်ကြောင်း ထောက်ပြ သည်။

“အစိုးရ လှမ်းတဲ့ ခြေလှမ်းက စစ်မှန်တဲ့ အမျိုးသားသင့်မြတ်ရေး မဟုတ်ဘူး။ အစိုးရက ၂ဝ၁၂ ကနေ ၂ဝ၁၄ အထိ ကို သေနတ်သံ မထွက်ဖို့က နိုင်ငံတကာမျက်နှာစာမှာ သူ့အတွက် သိပ်အရေးကြီးတယ်။ အဓိက ဒေသဖွံ့ဖြိုးရေးနဲ့ ထိန်းထားမယ်” ဟု သူက သုံးသပ်သည်။

တိုင်းရင်းသားအဖွဲ့များအနေဖြင့် အပစ်ရပ်စဲရေး မဖြစ်မနေ လုပ်ရလျှင်လည်း ဖွံ့ဖြိုးရေးအဆင့်ကို မသွားဘဲ နိုင်ငံရေး ဆွေးနွေးမှုအဆင့်ကို စုပေါင်းရပ်တည်သင့်ကြောင်း အကြံပြုပြီး အမျိုးသားညီလာခံကဲ့သို့ နှစ်ပေါင်းများစွာ မကြာသင့်ဟုလည်း ဦးအောင်ကျော်ဇော က ဆိုသည်။

ဇန်နဝါရီလဆန်းပိုင်းတွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ လက်မှတ်ထိုးခဲ့သည့် UNFC အဖွဲ့ဝင် ချင်းအမျိုးသား တပ်ဦး CNF ကမူ သူတို့ လက်မှတ်ထိုးသည့် စာချုပ်မှာ အပစ်ရပ် ရေးစာချုပ်မဟုတ်ဘဲ ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်မည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်သာ ဖြစ်ပြီး နိုင်ငံရေးကိစ္စများကို UNFC အပါအဝင် ကျယ်ပြန့်စွာ ဆွေးနွေးသွားမည်ဟုဆိုသည်။

“အပစ်ရပ်စဲရေးစာချုပ် မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီချက်။ အဲဒီ သဘောတူညီချက်ကို လုပ်တဲ့အခါမှာ ပထမအဆင့်ကတော့ စစ်ဖက်အပါအဝင် ရန်စောင် ရန်လိုမှုတွေကို နှစ်ဖက် စလုံးက ရပ်တံ့မယ်ဆိုတာ ပါတယ်” ဟု CNF ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာရွှေခါးက ဆိုသည်။

UNFC တွင် အခြေခံအဖွဲ့ ၆ ဖွဲ့ဖြစ်သည့် ကချင် KIO၊ ကရင် KNU၊ ချင်း CNF၊ မွန် NMSP၊ ကရင်နီ KNPP၊ ရှမ်း SSPP နှင့် ဆက်စပ်အဖွဲ့ ကချင် KNO၊ ပလောင် PSLF၊ လားဟူ LDU၊ ရခိုင် NUPA၊ ပအိုဝ်း PNLO၊ ဝ' WNO တို့ ၁၂ ဖွဲ့ပါဝင်သော်လည်း ယခုအခါ ကချင် နှစ်ဖွဲ့ပေါင်းသွားသဖြင့် ၁၁ ဖွဲ့ ဖြစ်သွားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger