skip to main | skip to sidebar

Friday, January 27, 2012

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်


   


နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“တစ် ၁၉၅၀ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်ပစ်မယ်။ ပြင်မယ်” ဟု ပြောသည်။

ထို့ပြင် အင်္ဂလိပ် ကိုလိုနီအစိုးရက ပြဋ္ဌာန်းထားခဲ့ပြီး ခေတ်အဆက်ဆက် အုပ်ချုပ်သူများ ဆက်ခံကျင့်သုံးခဲ့ကြသည့် ဥပဒေများမှာလည်း ပြင်ဆင်မှု၊ ဖျက်သိမ်းမှုများ ပြုလုပ်ရန် လိုပြီဟု ဆိုသည်။

“ပြည်သူလူထုမှာ ထိခိုက်နစ်နာ ချုပ်ချယ်တာတွေ ဖြစ်တယ်။ ဒီဥစ္စာတွေက အင်္ဂလိပ် ကိုလိုနီလက်ထက်က ၁၈၉၀ လောက်က ရေးသွားတဲ့ ဥပဒေတွေဗျ။ ကျနော်တို့ မြန်မာနိုင်ငံတော်အတွက် တချို့အချက်တွေက မသင့်လျော်ဘူး” ဟု ပြောသည်။

၂၀၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အတိုက်အခံပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ အဆိုပါဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

“ကျနော်အနေနဲ့တော့  ပြီးခဲ့တဲ့ အပါတ်ကပဲ ၁၉၅၀ ပြည့်အရေးပေါ်စီမံချက် ဥပဒေရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား ပြန်ပြောင်း ပြောပြသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော် ကိုယ်စားလှယ်များ ပေါင်းပါက ၈၀ ရာခိုင်နှုန်းကျော် ရှိနေပြီး NLD အနေဖြင့် ပြည်ထောင်စု လွှတ်တော်အတွက် ယှဉ်ပြိုင်မှုအားလုံး အနိုင်ရပါက ၄၆ နေရာ ရရှိမည်ဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းစွန်းစွန်း ရရှိမည်ဖြစ်သည်။

“ပြည်သူလူထုကို ဖိနှိပ်တဲ့ ဥပဒေ၊ ဒီမိုကရေစီ စံနှုန်းမပြည့်မှီတဲ့ ဥပဒေ၊ လူ့အခွင့်အရေးစံနဲ့ မကိုက်ညီတဲ့ဥပဒေကို ပယ်ဖျက်ဖို့၊ မူနဲ့ညီတဲ့အလုပ်တွေ အားလုံး ကျနော်ပူးပေါင်းလုပ်မှာပါ” ဟု ဦးသိန်းညွန့်က ပြောသည်။

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်၍ ဦးသိန်းညွန့်တို့ပါတီအား NLD ဘက်မှ ပြောဆိုကမ်းလှမ်းမှု မရှိသေးကြောင်း သိရသည်။         
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger