skip to main | skip to sidebar

Wednesday, January 4, 2012

CNF ကိုယ်စားလှယ်အဖွဲ့ ဟားခါးမြို့သို့ ရောက်ရှိ


ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၀၄ ရက် ၂၀၁၂ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ချင်းအမျိုးသားတပ်ဦး CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီက ချင်းပြည်နယ် မြို့တော် ဟားခါးမြို့သို့ ရောက်ရှိ လာပြီ ဖြစ်သည်။

တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာရွှေခါး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၁၀ ဦးအား ဟားခါးမြို့နေလူထု တသောင်းခန့်က ကြိုဆိုကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ချင်းပြည်နယ် ဥက္ကဋ္ဌ ဦးဘန်လျန်းက မဇ္ဈိမကို ပြောသည်။

“လေးနာရီခွဲမှာ ဟားခါးကို ဝင်တယ်။ ကြိုတဲ့သူက တသောင်းလောက်တော့ ရှိမယ်လို့ ကျနော် ခန့်မှန်းတယ်။ ဗိုလ်ချုပ်လမ်းဆုံကနေ စောင့်ပြီးကြိုဆိုတယ်။ သူတို့လည်း ကားပေါ်ကနေ ဆင်းပြီးတော့ နှုတ်ဆက်ကြတယ်။ သီချင်းနဲ့လည်း ကြိုဆိုတယ်။ ပြည်နယ်ဆောက်လုပ်ရေး ဧည့်ရိပ်သာမှာ တည်းတယ်”
cnf
သင်းအုပ်ဆရာကြီး ဒေါက်တာလားလ်အုပ် ဦးဆောင်၍ လာရောက်ကြိုဆိုကြသော ချင်းပြည်သူလူထုအား အဖွဲ့ခေါင်းဆောင် ဒေါက်တာရွှေခါးက ခေတ္တစကား ပြောဆိုခဲ့သေးကြောင်း “သူပြောတာကတော့ ကျနော်တို့ဟာ ၂၃ နှစ်လုံးလုံး စားပွဲဝိုင်းပေါ်မှာ တွေ့ဆုံ ဆွေးနွေးရေးကို လုပ်ပေးဖို့ တောင်းဆိုတာ အခုမှပဲ အခွင့်အရေးရတယ်လို့ အဲဒါတခုပဲ ပြောတယ်။ ဘယ်လိုလုပ်မယ် ဘာညာဆိုတာတော့ မပြောတော့ဘူး”ဟု ဦးဘန်လျန်းက မဇ္ဈိမကို ပြောသည်။

မြို့နေ ပြည်သူလူထုအနေနှင့် ဆွေးနွေးပွဲ အောင်မြင်စေရန် ဆုတောင်းကြသည်ဟုလည်း ဆိုသည်။

ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကြာသပတေးနေ့နှင့် သောကြာနေ့များတွင် ပြုလုပ်မည် ဖြစ်သည်။

ဆွေးနွေးပွဲ နောက်ဆုံးနေ့ ဖြစ်သည့် သောကြာနေ့ညတွင် ဟားခါးမြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များက ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်နယ် အာဏာပိုင် အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး ဆုတောင်းပွဲတရပ်ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ CNF ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ-မြန်မာနယ်စပ်မှ  ထန်တလန်မြို့ကို ဖြတ်သန်းကာ ဟားခါးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ နယ်စပ်တွင် ဒေါက်တာရားလ်အုပ် ခေါင်းဆောင်သည့် ချင်းပြည်နယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ကော်မတီဝင်များ၊ ချင်းပြည်နယ် အစိုးရ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးဗန်ထောင်း၊ ထန်တလန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရမ်ထန်းနှင့် ဇိုမီးနှစ်ခြင်းအသင်းတော်မှ ဒေါက်တာဗန်ထောင်းမန်းတို့က လာရောက် ကြိုဆိုကြကြောင်း Chinland Guardian အင်တာနက်စာမျက်နှာတွင် ဖော်ပြ ပါရှိသည်။

ယခု CNF ကိုယ်စားလှယ်အဖွဲ့တွင် ပူးရားလ်နှင်း၊ ဒေါက်တာ ဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်၊ ပူးဆော်လ်မွန်၊ ဆလိုင်းပီတာလျန်၊ ကိုလှထွန်း၊ ကိုထက်နီ၊ ပူးရိုခေါမာ၊ ကိုခင်မောင်လေးနှင့် ပူးငိုင်ကြာထန်းတို့လည်း ပါဝင်သည်။

ပြည်နယ်အစိုးရဘက်မှ ကိုယ်စားလှယ်များကို နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး ခေါင်းဆောင် ၍ ပြည်ထောင်စု အဆင့်မှ ဦးအောင်သောင်းနှင့် ဦးအောင်မင်းတို့လည်း လာရောက် လေ့လာကြမည် ဖြစ်ကြောင်း သိရသည်။

ယခု ဆွေးနွေးပွဲမှာ ၂၀၁၁ နိုဝင်္ဘာလအတွင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် CNF မှ ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့် ဒေါက်တာရွှေခါးတို့ တွေ့ဆုံခဲ့ခြင်း၏ ရလဒ်တခု ဖြစ်သည်။

နအဖ စစ်ကောင်စီလက်ထက် ၂ဝဝ၇ ခုနှစ်က အစိုးရနှင့် CNF ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger