skip to main | skip to sidebar

Monday, January 30, 2012

မွန်ပြည်သစ် ကိုယ်စားလှယ်အဖွဲ့ သံဖြူဇရပ်ရောက်


   


နံနက်ပိုင်းတွင် ဗဟိုဌာနချုပ် ရှိရာ ရေးချောင်းဖျားမှ စတင်ထွက်ခဲ့သည့် ဒု-ဥက္ကဋ္ဌ နိုင်ရော့စ ဦးဆောင်သည့် ဗဟိုကော်မတီ ၇ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေ့လည်ပိုင်းတွင် မွန်ပြည်နယ် ရေးမြို့သို့ ရောက်ရှိရာမှ ညနေ ၃ နာရီကျော်တွင် သံဖြူဇရပ်မြို့သို့ ရောက်ရှိကာ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ဟံသာထော ဘုန်းတော်ကြီးကျောင်းတွင် တည်းခိုမည် ဖြစ်သည်။

“အခု လောလောဆယ် ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ ဆွေးနွေးနေတယ်။ မနက်ဖြန်လောက်မှာ မော်လမြိုင်ကို တက်ဖို့ ရှိတယ်” ဟု ကြိုဆိုရေး အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် အစိုးရ ကိုယ်စား လှယ် အပါအဝင် ပြည်နယ်အဆင့် ကိုယ်စားများနှင့် ပူးပေါင်းတွေ့ဆုံမည် ဖြစ်ပြီး မည်သည့်အချက်များ တင်ပြမည်ကို မွန်ပြည်သစ်ဘက်က ပြောဆိုခြင်း မရှိသေးပေ။

“နှက်ဖက် ဆွေးနွေးရမယ့် ကိစ္စဆိုတော့ ကြိုပြီးတော့လည်း ပြောလို့ မကောင်းဘူးနော်၊ ဒီနေ့အနေအထားအရ နှစ်ဖက် ညှိနှိုင်းမှုကနေ ပြေလည်မှု ရဖို့ များတယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ဟံသာထောကျောင်းသို့ ရောက်ရှိနေ သည့် ဆွေးနွေးရေး ဒု-အဖွဲ့ခေါင်းဆောင် နိုင်တလညီက ပြောသည်။

ယခုဆွေးနွေးပွဲမှ အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိပါက ၁၉၅၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရနှင့် ဒုတိယအကြိမ် အပစ်အခတ် ရပ်စဲနိုင်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၄ ခုနှစ်မှစပြီး ယခင် နဝတအစိုးရနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် လေးကြိမ်တိုင် ဆွေးနွေးခဲ့ပြီးနောက် ၁၉၉၅ နှစ်လယ်ခန့်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ရရှိခဲ့ကာ နယ်ခြားစောင့် တပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းရန် ဗဟိုအစိုးရက ဖိအားပေးရာမှ ၁၅ နှစ်ကျော် ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ပြယ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger