skip to main | skip to sidebar

Sunday, January 29, 2012

ကုလားတန်စီမံချက်ကိစ္စ နယူးဒေလီတွင် ချင်းပါတီ ဆွေးနွေးမည်


   


နယူးဒေလီ (မဇ္ဈိမ) ။      ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ Jamia Millia Islamia တက္ကသိုလ်တွင် ကျင်းပရန် ရှိသည့် မြန်မာ့အရေး ဆွေးနွေးပွဲတွင် ကုလားတန် မြစ်ကြောင်း စီမံချက်နှင့် ပတ်သက်၍ ဆွေးနွေး တင်ပြသွားမည်ဟု နယူးဒေလီရောက် ချင်းအမျိုးသားပါတီ CNP ဥက္ကဋ္ဌ ဦးဇမ်ကျင့်ပေါ် (ခ) ဇိုဇမ် က ပြောသည်။

Bridging South and South East Asia ခေါင်းစဉ်ဖြင့် နှစ်ရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲသို့ မြန်မာ့ နိုင်ငံရေး ပါတီ ၈ ခုမှ ကိုယ်စားလှယ်များ စနေနေ့က ရောက်ရှိနေပြီး အဆိုပါဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံက အကောင်အထည်ဖော်နေသော ကုလားတန် စီမံကိန်းနှင့်ပတ်သက်၍ ဆွေးနွေးမည်ဟု ဦးဇမ်ကျင့်ပေါ် က မဇ္ဈိမကို ပြောသည်။

“ပထမဆုံး ကျနော်ပြောချင်တာက အခုလုပ်နေတဲ့လုပ်ငန်းဟာ ဘာလုပ်နေတယ်၊ ပြည်သူ့အတွက် ဘာအကျိုးရှိနိုင် တယ်၊ ဘာအကျိုးတွေ ပျက်စီးသွားနိုင်သလဲဆိုတာကို ပွင့်လင်းမြင်သာစေချင်တယ်။ ကျနော်တို့ရဲ့နယ်မြေမှာ လုပ်နေတယ်ဆိုမှတော့ ကျနော်တို့က သိချင်တာပေါ့ဗျာ။ ကျနော်လေ့လာမိသလောက်က ကျနော်တို့ပြည်သူလူထု အကျိုးခံစားရဖို့က အင်မတန် နည်းပါတယ်။ အများဆုံးအကျိုးရှိမှာကတော့ အိန္ဒိယ အစိုးရပါပဲ။ အာဆီယံနဲ့ ဈေးလမ်းကြောင်းကြီး ဖောက်ဖို့လည်း ရည်ရွယ်တယ်” ဟု ပြောသည်။

စီမံချက်ကြောင့် ဒေသခံများ အကျိုးဖြစ်ထွန်းနိုင်မှုများကို ရေရေရာရာ မသိရသေးသော်လည်း မြစ်အတွင်း ပင်လယ်ဆားငန်ရေ ၀င်မှုကြောင့် ထိခိုက်ပျက်စီးသွားမှာ သေချာကြောင်းလည်း ပြောသည်။

“မြစ်ကို နက်အောင်တူးလိုက်မယ်ဆိုရင် မြစ်အနက် ဘယ်လောက်ထိ တူးပေးရမလဲဆိုတာ အရေးကြီးတယ်။ တူးလိုက်ရင် ဆားငန်ရည်နဲ့ မျှတထိန်းညှိလို့ မရတော့ဘူးလေ။ မြစ်ထဲ ၀င်လာမှာ။ အဲဒီဆားငန်ရည်တွေကို မထိန်းနိုင်ရင် ကျနော်တို့ရဲ့ စပါးခင်းတွေ၊ ပဲခင်းတွေ ပျက်စီးသွားမှာပဲ။ နောက်ပြီး မြစ်နားက စိုက်ပျိုးလုပ်ကိုင်မှုတွေကလည်း သေချာပေါက် ပျက်စီးမှာပါ” ဟု ဦးဇမ်ကျင့်ပေါ် က ပြောသည်။

ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစီမံကိန်းသည် ကုလားတန်မြစ်ကိုချဲ့ကာ စစ်တွေမှ ပလက်ဝ သို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကိုဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

နယူးဒေလီဆွေးနွေးပွဲသို့ အာဏာရ ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ချင်းအမျိုးသားပါတီ၊ ရှမ်းအမျိုးသားဒီမိုကရေစီပါတီ၊ ပအိုးဝ်အမျိုးသား အဖွဲ့ချုပ်နှင့် အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့မှ ကိုယ်စားလှယ် ၁၅ ဦး တက်ရောက်ကြမည်ဖြစ်သည်။

မြန်မာ့အရေး ပြည်ပဆွေးနွေးပွဲအား ပထမဆုံးအကြိမ် တက်ရောက်လာခြင်းဖြစ်ကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီပါတီမှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ် က ပြောသည်။

“ကျနော်တို့ ဒီကိုလာတာ အဓိကတော့ လေ့လာချင်လို့ပါ။ နိုင်ငံတကာအတွေ့အကြုံ ရယူဖို့ပါ။ ဒီအစည်းအဝေးက ဆွေးနွေးကြတာတွေကို ပါတီက လူကြီးများကို ချပြပြီး အဲဒီက ဆုံးဖြတ်ချက်ကို ခံယူဖို့ အဓိကပါ” ဟု မဇ္ဈိမကို ပြော သည်။

နိုင်ငံရေးပါတီများအပြင် တမ္ပဒီပ၊ မေတ္တာ၊ ပေါင်းကူး၊ သင်္ဂဟ စသည့် အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးကြမည်ဖြစ်သည်။

Jamia Millia Islamia တက္ကသိုလ်နှင့် India Internationak Centre တို့တွင် နှစ်ရက်ကြာ ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲများ Jamia Millia Islamia တက္ကသိုလ်၊ Tampadipa Institute နှင့် ဥရောပမြန်မာရုံး EBO တို့ ပူးပေါင်း စီစဉ်ကြခြင်းဖြစ်သည်။

ထို့ပြင် အိန္ဒိယ လွှတ်တော်အမတ်များ၊ သံအမတ်ကြီးများ၊ တက္ကသိုလ်ပါမောက္ခများ၊ နိုင်ငံခြားရေးဌာန အတွင်းဝန်ဟောင်းများ အပြင် နာဂလန်းပြည်နယ် ၀န်ကြီးချုပ်လည်း တက်ရောက်မည်ဟု ဆွေးနွေးပွဲ စီစဉ်သူ တဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger