skip to main | skip to sidebar

Friday, January 13, 2012

အမေရိကန် ဆီးနိတ်တာ ဒေါ်စုထံ လာတွေ့မည်


မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၀ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ မြန်မာ့ ဒီမိုကရေစီရေးကို အစဉ်တစိုက် အားပေးခဲ့သူ အမေရိကန် ဆီးနိတ် ခေါင်းဆောင် Mitch McConnell သည် တနလာင်္နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

သူသည် အမေရိကန်မှ မြန်မာနိုင်ငံအား ပိတ်ဆို့ အရေးယူရေး တောင်းဆိုထားသည့် ဥပဒေအား ၁၉၉၃ ခုနှစ်တွင် စတင် တင်သွင်းခဲ့သူ ဖြစ်သည်။

“စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” ဟု McConnell က Kentucky ပြည်နယ် အခြေစိုက် The Courier-Journal သတင်းစာအား ပြောကြားခဲ့သည်။ သူသည် ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉၀ ခန့်မျှ တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ပြီး မြန်မာအစိုးရ အရာရှိများနှင့်လည်း တွေ့ဆုံလိမ့်မည်ဟု သိရသည်။

“ရိုးရိုးသားသား ပြောရရင် ကျနော့်အနေနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေ ရှိတယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့ပါဘူး” ဟု McConnell က The Courier-Journal သတင်းစာကို ပြောခဲ့ သည်။ “ဒါပေမယ့် စစ်တပ်ထဲမှာ ပြောင်းလဲမှုတွေ ပြုလုပ်လိုတဲ့ အုပ်စု ရှိနေတာ ထင်ရှားပါတယ်။ အဲဒီအုပ်စုကို လွှမ်းမိုးအောင်မြင်အောင် ကျနော်တို့က ကြိုးစားနေတာပါ” ဟု The Courier-Journal ကို ပြောခဲ့သည်။

McConnell က မဝေးတော့မည့် ကာလတွင် အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတွင် သံအမတ် ထားရှိရန်နှင့် အခြေအနေတရပ်တွင် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးကို အမေရိကန်က စဉ်းစားလိမ့်မည်ဟု မျှော်လင့်ထား သည်။

McConnell က  ဒေါ်အောင်ဆန်းစုကြည်နှင့် တယ်လီဖုန်း သုံးကြိမ် ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတ ဦးသိန်းစိန်၏ ဆောင်ရွက်မှုများကို နှစ်သက်ကြောင်း McConnell က ပြောကြားခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးသမား တယောက် ဖြစ်လိမ့်မည်ဟု လည်း ယုံကြည်ကြောင်း သူက ဆိုသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger