မြန်မာနိုင်ငံ ကဗျာဆရာများအသင်း အမှုဆောင်ရွေးမည်
ကိုပေါက် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၄၈ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ ကဗျာဆရာများအသင်း အတွက် အမှုဆောင်ရွေးချယ်ပွဲကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အသင်းဖြစ်မြောက်ရေး ကော်မတီက ပြောသည်။
ရန်ကုန်မြို့ ပန်းဆိုးတန်း ပန်းချီပြခန်းတွင် ပြုလုပ်မည့် အဆိုပါရွေးချယ်ပွဲသို့ ကော်မတီဝင် ၂၇ ဦး ပါဝင် တက်ရောက် မည်ဖြစ်ကြောင်း ကော်မတီဝင် ဆရာမောင်စိမ်းနီက မဇ္ဈိမကို ပြောသည်။
“အမှုဆောင်အဖွဲ့ ရွေးပြီး ဗမာပြည် တနံတလျား တိုင်ပင်ပြီး အသင်းအဖွဲ့ဆိုင်ရာကို တင်မှာပါ။ ပျဉ်းမနား၊ မန္တလေး၊ ပုသိမ် စသဖြင့် သူတို့ဟာသူတို့ မြန်မာနိုင်ငံ ကဗျာဆရာများအသင်း (ပျဉ်းမနား) (မန္တလေး) (ပုသိမ်) (ချောက်)။ ဒီလိုမျိုး မြို့နယ်အလိုက် ဖွဲ့စည်းလာကြရင် အဲဒီက ကိုယ်စားလှယ်တွေကို ကဗျာဆရာအသင်း ညီလာခံ လုပ်ဖို့ရှိပါ တယ်” ဟု ပြောသည်။
လက်ရှိ ဖြစ်မြောက်ရေးကော်မတီတွင် နာယကကြီးများအဖြစ် ဆရာဒဂုန်တာရာ၊ ဆရာအံ့မောင် တို့ ပါဝင်ပြီး ကော်မတီဝင်များအဖြစ် မောင်စိမ်းနီ၊ သစ္စာနီ၊ ကွန်စစ်ကောင်း၊ ဇေယျာလင်း၊ မောင်အောင်ပွင့်၊ မအိ၊ မိုဃ်းဇော်၊ မောင်နီဦးတို့ ပါဝင်သည်။ လူငယ် ကဗျာဆရာများထဲမှ မောင်လင်းရိပ်၊ မင်းထက်မောင်၊
နိုင်သက်နီ၊ နိုင်ဦးကို၊ နန္ဒကြယ်စင်၊ ဟိန်းထက်ဇော်၊ သော်ဇင်အုန်း၊ မနော်ဟရီ၊ ခန့်မင်းထက်၊ ချစ်တိုးနွယ် စသူတို့လည်း ကော်မတီတွင် ပါဝင်သည်။
အသင်း ထူထောင်ပြီးပါက ဗမာကဗျာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဗျာဖတ်ပွဲ၊ ကဗျာအလုပ်ရုံဆွေးနွေးပွဲ၊ ကဗျာ ဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ပြီး သုံးလတကြိမ် ကဗျာမဂ္ဂဇင်း ထုတ်မည်ဟုလည်း ဆိုသည်။ ကဗျာဆရာများ၏ သာရေးနာရေးကိစ္စများအပြင် မြန်မာနိုင်ငံ ကဗျာဆရာအသင်း ကဗျာဆု ရွေးချယ်ပေးအပ်သွားမည် ဖြစ်ကြောင်း ကော်မတီဝင် ဆရာသစ္စာနီက မဇ္ဈိမကို ပြောသည်။
“(အမျိုးသားစာပေဆု)နဲ့ ဆန့်ကျင်ဘက်ပေါ့။ သူတို့က ကာရန် မပါရင် ကဗျာလို့ မသတ်မှတ်တဲ့ အတွက် မော်ဒန် ကဗျာတွေကို သူတို့ ထည့်မစဉ်းစားပါဘူး။ ဒီဘက်ကတော့ မော်ဒန်ကဗျာတွေကို ပေးဖို့ပါ။ သူတို့ပေးတဲ့ဆုနဲ့တော့ တူမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
ကဗျာဆု ရေးချယ်ရာတွင် တနှစ်အတွင်း ထွက်ရှိသည့် ကဗျာစာအုပ်များထဲမှ သက်ရှိကဗျာဆရာများ အပြင် မောင်ချောနွယ်၊ မောင်လူမှိန်၊ မောင်လေးအောင်တို့ အပါအဝင် ကွယ်လွန်သူ ကဗျာဆရာများ၏ စာအုပ်များပါ ထည့်သွင်းစဉ်းစား ရွေးချယ်မည် ဖြစ်သည်။
မြန်မာကဗျာလောကတွင် တချိန်က လွတ်လပ်သော ကဗျာဆရာအသင်းအဖွဲ့များ ပေါ်ထွန်းခဲ့ဖူးပြီး ကဗျာသဘော တရားရေးရာ၊ ဝေဖန်ရေးနှင့် ကဗျာလှုပ်ရှားမှုများ မြိုင်ဆိုင်စွာ ရှိခဲ့ဖူးသည်။ သို့သော် ဦးနေဝင်း၏ မဆလ လမ်းစဉ် ပါတီခေတ်မှ စတင်၍ လွတ်လပ်မှု ဆိတ်သုဉ်းသွားကြောင်း ၁၉၆၅ မှစတင်၍ ကဗျာများ ရေးသားလာခဲ့သည့် ဆရာသစ္စာနီက “၁၉၆၂ မတိုင်ခင်က ကဗျာဆရာအသင်းတွေ အတော်ရှိတယ်။ ပြည်သူ့ကဗျာဆရာ အင်အားစု၊ မြန်မာနိုင်ငံ ကဗျာဆရာများ သမဂ္ဂ၊ လူငယ် ကဗျာဆရာများအသင်း အဲလို တော်တော်များတယ်။ နောက်ပိုင်းမှာတော့ အာဏာပိုင် အဖွဲ့အစည်းက ဖွဲ့တဲ့ ‘စာပေလုပ်သား’ ရှိပါတယ်။ အဲဒီတုန်းကလည်း ကျနော် သဘောမကျတာနဲ့ စာပေလုပ်သား မဝင်ခဲ့ပါဘူး။ ခု နောက်ပိုင်းကျတော့ ‘စာပေနဲ့ စာနယ်ဇင်း’ပေါ့။ အမည်ပြောင်းသွားတာပဲ အဖတ်တင်ပါတယ်။ အရင်ပုံစံအတိုင်းပါပဲ။ လွတ်လွတ်လပ်လပ် မရှိဘူးလို့ ယူဆပါတယ်။ ဗမာကဗျာဆရာတွေရဲ့ အကျိုးကို စစ်စစ်မှန်မှန် ဆောင်ရွက်နိုင်တဲ့ အသင်းမျိုး လိုအပ်နေတယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ပြောသည်။
ကဗျာများအပေါ် ယနေ့စာပေစီစစ်ရေး၏ သဘောထားမှာ ထူးခြားပြောင်းလဲလာသည်ကို မတွေ့ရကြောင်း “အရင်တုန်းကအတိုင်းပါပဲ။ သိပ်ပြီး ထူးထူးခြားခြား ပြောင်းလဲလာတာမျိုး မရှိသေးပါဘူး။ တော်တော် များများက အွန်လိုင်း ရေးနေကြတယ်။ ပိုလွတ်လပ်တာပေါ့” ဟု ဆရာသစ္စာနီက ပြောသည်။
အသင်း၏ ရည်မှန်းချက် ၃ ခုထဲတွင် တတိယ ရည်မှန်းချက်အဖြစ် ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် ဗမာကဗျာဆရာများလည်း တတပ်တအား ပါဝင်နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။

![]() |
| မြန်မာနိုင်ငံ ကဗျာဆရာများအသင်း ကော်မတီဝင်ဖြစ်သည့် ကဗျာဆရာ သစ္စာနီ (Photo သစ္စာနီ Facebook) |