KNU နှင့် အစိုးရ ထပ်မံဆွေးနွေး

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။         ။ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်လာနိုင်ရန်  တတိယအကြိမ်မြောက် ပဏာမ ဆွေးနွေးပွဲ ကို ကရင်အမျိုးသား အစည်းအရုံးနှင့် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ ဗုဒ္ဓဟူးနေ့ တွင် ထိုင်း-မြန်မာ နယ်စပ်တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

KNU ဘက်မှ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ် သာကပေါ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ပဒိုဒေးဗစ်ထော၊ ပဒိုအားတိုး၊ ဘာအံခရိုင် ဥက္ကဋ္ဌ စောအောင်မော်အေး၊ ကျန်းမာရေးနှင့် ကယ်ဆယ်ရေး တာဝန်ခံ စောရော်ဂျာခင်နှင့် ဗဟိုကော်မတီဝင် စောသောသီခိုတို့ ပါဝင်သော အဖွဲ့နှင့်  အစိုးရဘက်မှ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင် ဒေါက်တာ နေဝင်းမောင်၊ ဦးလှမောင်ရွှေတို့ အပါအဝင် ရှစ်ဦးတို့ ဆွေးနွေးကြသည်။

“အပစ်အခတ် ရပ်စဲရေးက တပ်နဲ့လုံးဝ သက်ဆိုင်တဲ့ အတွက်ကြောင့် နှစ်ဘက် လိုက်နာရမယ့်အချက်တွေကို အဓိကထား ပြောဆိုဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့ဘက်ကလည်း တပ်မဟာ ခေါင်းဆောင်တွေဆီကနေ သူတို့ရဲ့ တင်ပြချက်တွေကို နားထောင်ရမှာ ဖြစ်တယ်။ သူတို့ရဲ့ တောင်းဆိုချက် ဘယ်လို တောင်းဆိုတယ် ဆိုတဲ့ အချက်အလက်တွေအပေါ် တင်ပြရမှာဖြစ်ပါတယ်။”ဟု ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ပဒိုဒေးဗစ်ထောက ပြောသည်။

“ဒီတွေ့ဆုံတွေ့မှုမှာ ကောင်းတဲ့ အလားအလာ တခုပဲလို့ မြင်တယ်။ စကားမပြောတာထက်စာရင် ပြောလာတာက တဦးနဲ့ တဦး သံသယစိတ်တွေကို လျော့နည်းစေမယ်။ တဦးနဲ့ တဦး ရင်းနှီးမှုတွေ ဖန်တီးလာနိုင်မယ်၊ ဒီနေ့ အလွတ်သဘောတွေ့တော့ ကျနော်တို့ သိချင်တာတွေ ပွင့်ပွင့်လင်းလင်း သက်တောင့်သက်တာ ဖြစ်တဲ့ တွေ့ဆုံမှုလို့ သဘောပေါက်ပါတယ်။ ကျေနပ်ပါတယ်။ ပိုရင်းနှီးလာတယ်။ ပွင့်လင်းလာတယ်ဆိုတာ တွေ့ရတယ်။”ဟု သူက ထပ်ပြောသည်။ 

လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နှစ်ဘက် တွေ့ဆုံမှုကို ကရင်ပြည်နယ် ဘားအံမြို့တွင် ထပ်မံပြုလုပ်ရန် သဘောတူညီ လိုက်သည်ဟုလည်း သိရသည်။

လာမည့် ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကရင်ခေါင်းဆောင်များ၏  မြဝတီမှသည် ဘားအံအထိ အသွား-အပြန် လမ်းခရီး လုံခြုံရေးအတွက် အစိုးရတပ်က တာဝန်ယူပေးမှာဖြစ်ပြီး ဝန်ကြီးဦးအောင်မင်းပင် လာရောက် ကြိုဆိုရန် ရှိသည်ဟု သတင်းရပ်ကွက်များက ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့်  KNU အကြား  နိုဝင်ဘာလ ၁၉ ရက်နေနှင့် အောက်တိုဘာ ဒုတိယပတ်ကလည်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ တတိယအကြိမ်မြောက် အလွတ်သဘော တွေ့ဆုံမှု ဖြစ်သည်။

ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့သည် မွန်ပြည်သစ်ပါတီနှင့် အပစ်ခတ်ရပ်စဲရေး အလွတ်သဘော ဆွေးနွေးရန် စီစဉ် ထားသည်ဟုလည်း သတင်းရပ်ကွက်များက ပြောသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး