CNF ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ရွေးချယ်ပြီးစီး

ကိုပေါက် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၀၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပြည်နယ်အစိုးရနှင့် ဆွေးနွေးရန် ချင်းအမျိုးသားတပ်ဦး CNF ၏ ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို အရေးပေါ်ပါတီညီလာခံမှ ရွေးချယ်ပေးလိုက်သည်။


၂ဝ၁၂ ဇန်နဝါရီလ ၅ ရက်နှင့် ၆ ရက်နေ့များတွင် ဟားခါးမြို့၌ ပြည်နယ်အစိုးရနှင့်
ဆွေးနွေးရန်အတွက် လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆလိုင်းရွှေခါး ဦးဆောင်သည့် ၁ဝ ဦးပါ အဖွဲ့အား စေလွှတ်မည်
ဖြစ်ကြောင်း ပြောခွင့်ရ ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန် က မဇ္ဈိမကို ပြောသည်။

“ဒီဆွေးနွေးမှုမှာ စာချုပ်စာတမ်းကြီးတွေချုပ်ပြီးတော့ လုပ်နိုင်ကောင်းမှ လုပ်လိမ့်မယ်။ မလုပ်နိုင်ဘဲလည်း ဖြစ်နိုင် တယ်။ Talk about talk စကားပြောနိုင်ဖို့ အတွက် ပြည်နယ်အစိုးရနဲ့ ပထမဦးဆုံးအကြိမ် ပဏာမအဖြစ်နဲ့ ပြောတာဖြစ်တယ်။ တူနိုင်တဲ့ကိစ္စကို သဘောတူလိုက်မယ်။ တူနိုင်သလောက် တူအောင် ပြောကြည့်မယ်။ နောက်တခါ ပြန်တွေ့နိုင်ဖို့ ရှေ့ပြေး ပဏာမအနေနဲ့ ညှိနှိုင်းတာ ဖြစ်ပါတယ်။ ဟိုကိစ္စ ဒီကိစ္စ ဆွေးနွေးမယ်ဆိုတာ ခုချိန်မှာ အသေးစိတ်ပြောဖို့
စောလွန်းတယ်ထင်ပါတယ်” ဟု ပြောသည်။

နိုဝင်္ဘာလအတွင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ရထားဝန်ကြီး ဦးအောင်မင်းနှင့် CNF မှ ဥက္ကဋ္ဌ ပူးဇင်ကျုံးနှင့် ဒေါက်တာရွှေခါးတို့ တွေ့ဆုံရာမှ ရလဒ်တခုဖြစ်ပြီး ပြည်ထောင်စုအဆင့် တာဝန်ရှိသူများလည်း
လေ့လာသူအဖြစ် တက်ရောက်မည်ဟု သိရသည်။

CNF ၏ ပထမအကြိမ် အရေးပေါ် ပါတီညီလာခံကို အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ဒီဇင်္ဘာလ ၁၂ ရက်မှ ၁၆ ရက်နေ့ထိ ခေါ်ယူကျင်းပခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး ခေါင်းဆောင်သည့် ၅၅ ဦးပါ ဗဟိုကော်မတီအား ရွေးချယ်တာဝန်ပေးလိုက်သည်။

“စတုတ္ထအကြိမ် ပါတီညီလာခံ ကျင်းပပြီးတာ ၃ နှစ်ရှိပါပြီ။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ နိုင်ငံရေး အခင်းအကျင်း သစ်တွေလည်း ပေါ်လာတယ်။ ကျနော်တို့ပါတီထဲက စည်းရုံးရေးကိစ္စနဲ့ တခြားအားလုံး ကိစ္စတွေ ကြည့်လိုက်တော့ အရေးပေါ်ညီလာခံ ခေါ်ပြီးတော့ အလွှာပေါင်းစုံ၊ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်လာနိုင်အောင် ပြုပြင်ပြောင်းလဲရေး လုပ်သင့်တယ်ဆိုပြီး ခေါ်ရတာဖြစ်ပါတယ်” ဟု ပူးငွန်ကျုံးလျန်က ရှင်းပြသည်။

အသစ်ဖွဲ့စည်းလိုက်သည့် အဓိပတိ ကောင်စီ (Supreme Council)တွင် ၁၉၉ဝ လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒေါက်တာဇလှယ်ထန်းနှင့် ဦးလျန်အုတ်တို့လည်း အလှည့်ကျ ဥက္ကဋ္ဌများအဖြစ် ပါဝင်လာသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ခေါင်းဆောင် ဦးအောင်သောင်းက သောကြာနေ့က
ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် “ဒီအစိုးရ သက်တမ်းမှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောဆိုလိုက်ခြင်းအပေါ် ကြိုဆိုသော်လည်း ဖြေရှင်းစရာများအတွက် စိတ်ရှည် သည်းခံကြရမည် ဖြစ်ကြောင်း ဒေါက်တာဆလိုင်းအင်ဒရူး ငွန်ကျုံးလျန်က မဇ္ဈိမကို ပြောသည်။

“နှစ်ပေါင်း ၆ဝ ကျော် ပဋိပက္ခကြီးကို တရက်တည်း၊ တလတည်း၊ တနှစ်တည်းနဲ့ ပြီးနိုင်မှာ မဟုတ်ပါဘူး။ သုံးနှစ် အတွင်းမှာ အားလုံးနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်ရင်တောင်မှ ကျန်ရှိနေသေးတဲ့ ရှင်းစရာ လင်းစရာတွေက အများကြီး ရှိပါဦးမယ်။ အဲဒီအတွက် စိတ်ရှည်ဖို့လိုတယ်။ သည်းခံကြဖို့လိုတယ်။ နားလည်ကြဖို့လိုတယ်။ အဲလိုမှ မဟုတ်ရင် ပြီးခါနီးကျမှ ဆင်ပြောင်ကြီး အမြီးကျမှ တစ် ဆိုတာမျိုး
ဖြစ်သွားမှာ စိုးရိမ်ပါတယ်”

နအဖ စစ်ကောင်စီလက်ထက် ၂ဝဝ၇ ခုနှစ်က အစိုးရနှင့် CNF ပထမဆုံးအကြိမ် တွေ့ဆုံ
ဆွေးနွေးခဲ့ဖူးသော်လည်း မည်သည့်အကောင်အထည်မှ မပေါ်ခဲ့ပေ။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး