ပေါင်မြို့မီး ကလေးနှစ်ဦး သေဆုံး
(ကြားဖြတ်နှင့် သတင်းအကျဉ်း)
ကွန်းချမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးပြီး ကလေးငယ်နှစ်ဦး သေဆုံးရသည့် မီးလောင်ကျွမ်းမှု တခု မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အင်္ဂါနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု
ပေါင်မြို့နယ် ပြန်/ဆက် ဌာနက ပြောသည်။
ဦးဂျပန်၏ နေအိမ် မီးဖိုချောင် ထင်းမီးမှ စတင်လောင်ကျွမ်းသည့် မီးကြောင့် အသက် ၉ နှစ်အရွယ်နှင့် ၆ နှစ် အရွယ်ရှိ သမီးငယ်နှစ်ဦး သေဆုံးကာ လူဦးရေ ၅၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။
“အဖွားကြီးက ဈေးသွား၊ အဖိုးကြီးက အလှူအိမ်သွားနေတော့ ကလေးနှစ်ယောက်က အိမ်မှာ ပိတ်မိပြီး မီးထဲမှာပဲ ဆုံးသွားတယ်” ဟု သူက ပြောသည်။
နံနက် ၅ နာရီ ၄၅ မိနစ်မှ စတင်လောင်ကျွမ်းသည့် မီးကို ပေါင်မြို့နှင့် ဇင်းကျိုက်ရွာကြီးမှ မီးသတ်ကား ၅ စီး က လာရောက် ငြှိမ်းသတ်ကာ နံနက် ၇ နာရီခန့်တွင် မီးငြိမ်းခဲ့သည်ဟု ဆိုသည်။
အဆိုပါ ပေါ့ဆမီးကြောင့် ကာလတန်ဖိုး သိန်း ၆၀ ကျော် ဆုံးရှုံးလိမ့်မည်ဟု ပြန်/ဆက်ဌာနက ခန့်မှန်းသော်လည်း ဒေသခံများကမူ သိန်း ၂၀၀ ဝန်းကျင် ရှိမည်ဟု ဆိုကြသည်။
မီးဘေးဒုက္ခသည်များအား မိုးနိုင်းရပ်ကွက် အ.မ.က. ကျောင်းတွင် ယာယီမီးဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး အကူအညီများ ပေးနေကြောင်းလည်း မိုးနိုင်းရပ်ကွက်သားတဦးက ပြောသည်။
တနင်္ဂနွေ ညကလည်း မိုးနိုင်းရပ်ကွက်နှင့် ၆ မိုင်အကွာရှိ ဇင်းကျိုက်ရွာကြီး မီးလောင်ခဲ့ရာ အိမ်ခြေပေါင်း ၁၂၄ အိမ် မီးလောင်ပျက်စီးပြီး ခန့်မှန်းကာလတန်ဖိုး သိန်း ၉၃၀ ကျော် ဆုံးရှုံးခဲ့ရကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဇင်းကျိုက် မီးဘေးဒုက္ခသည်များအား ပေါင်မြို့နှင့် ဒေသခံများက ထမင်းထုပ်များ လှူဒါန်းကြပြီး အမကရွှေဒင်္ဂါးကျောင်း တွင်ပင် တာလပတ်များမိုး၍ နေရာချပေးထားဆဲဖြစ်ကြောင်း သိရသည်။