ရဲဘော်သုံးကျိပ် သွေးသစ္စာနေ့ အလှူ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၂၀ မိနစ်

မဇ္ဈိမသတင်းဌာန ။       ။ ကွယ်လွန်လေပြီးသော  ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်းပွဲကို တနင်္လာနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံတွင် ပြုလုပ်ခဲ့ သည်။

ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ၁၉၄၁ ခုနှစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရဲဘော်သုံးကျိပ်ဝင်များ လွတ်လပ်ရေးအတွက် လက်မောင်းသွေးကို ဖောက်ကာ သွေးသစ္စာ ဆိုခဲ့ကြသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် ဤနေ့ ရောက်တိုင်း ရဲဘော် သုံးကျိပ်ဝင် မိသားစုများက တွေ့ဆုံပွဲ လုပ်ခဲ့ကြသည်မှာ ၂၈ နှစ် ကြာပြီဖြစ်၍ ယခုနှစ်တွင် ဇီဝိတဒါန သံဃာ့ဆေးရုံမှ ပင့်သံဃာတော် ၂၈ ပါးကို အလှူအတမ်း ပေးဝေခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ခေတ်မီ အမျိုးသား တပ်မတော်ဖြစ်သည့် ‘ဗမာ့ကာကွယ်ရေး တပ်မတော် BIA’ ကို ဖွဲ့စည်း တည်ထောင်ခဲ့ကြသည့် ရဲဘော်သုံးကျိပ်ဝင်များထဲမှ ၂၈ ဦးမှာ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

ကွယ်လွန်လေပြီးသော ရဲဘော်သုံးကျိပ်ဝင်များကို ရည်စူးကာ မိသားစုဝင်များက ရေစက် သွန်းချ အမျှပေးဝေလှူဒါန်း (ဓါတ်ပုံ မဇ္ဈိမ)

သခင်ရွှေ (ခေါ်) ဗိုလ်ကျော်ဇောနှင့် ကိုအောင်သိန်း (ခေါ်) ဗိုလ်ရဲထွဋ်တို့ နှစ်ဦးသာ သက်ရှိထင်ရှား ရှိနေတော့ကြောင်း ရဲဘော်သုံးကျိပ်ထဲမှ မိသားစုဝင် တဦးက ပြောသည်။

“ကျနော်က နှစ်စဉ်နှစ်တိုင်း ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံပွဲကို တက်ဖြစ်ပါတယ်။ ဒီနှစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ထားတယ်လို့ သိရပါတယ်။ ဦးနေဝင်း မိသားစုတော့ မသိပါဘူး။ အယူအဆတွေ ဘယ်လိုပဲ ကွဲပြားနေစေကာ ရဲဘော်သုံးကျိပ်ဝင် မိသားစုတွေ တွေ့ဆုံနိုင်အောင် အရင်ကပဲ ရဲဘော် သုံးကျိပ်ဝင်တွေ ကိုယ်တိုင် လုပ်ခဲ့တာ။ အခုဆိုရင် သက်ရှိထင်ရှား နှစ်ယောက်ပဲ ကျန်တော့တယ်။ သခင်ရွှေ (ဗိုလ်ကျော်ဇော) ကတော့ ကူမင်းမှာ မိသားစုဝင်တွေနဲ့ နေတယ်လို့ ကြားတယ်။ ကိုအောင်သိန်းကတော့ လက်တွန်း ကုလားထိုင်နဲ့ ပဲ နေရတော့ တယ်။ မသွားနိုင်ဘူးလေ။ အသက်က ၉၀ ဆိုတော့လေ” ဟု သူက ပြောသည်။

‘ရဲဘော်သုံးကျိပ်ဝင် မိသားစုများ သာရေးနာရေးအဖွဲ့’ ကိုလည်း ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့က ဖွဲ့စည်းထား သည်။

တရုတ်နိုင်ငံ ကူမင်းမြို့၌ နေထိုင်သည့် ဗိုလ်မှူးချုပ် (ဟောင်း) ကျော်ဇောက “ကျနော် ၉၂ နှစ် ပြည့်ပါပြီ။ ကျနော် ကျန်းမာပါတယ်။ အားလုံးပဲ ကျန်းမာပါစေ။ ဒီမိုကရေစီ အမြန်ရပါစေ။” ဟု ၂၀၁၁ ခု ဒီဇင်္ဘာ ၃ ရက်နေ့က ကျရောက်သော မွေးနေ့ နှုတ်ခွန်းဆက်စကားတွင် ပါရှိသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး