မြန်မာ စစ်ရာဇဝတ် စုံစမ်းရေးကော်မရှင်ကို အိန္ဒိယ မေးခွန်းထုတ်

မြင့်မောင်
နယူးဒေလီ (အိန္ဒိယ)။      ။ မြန်မာစစ်ခေါင်းဆောင်များ၏ ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် အဆိုကို ’’ဘာအသုံးဝင်မှာမို့လဲ’’ ဟု ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယကိုယ်စားလှယ် မစ္စတာ အကွီနို ဗီမားလ်က ကုလ အထွေထွေညီလာခံ ကော်မတီတရပ်တွင် အရင်ပတ်က  စောဒကတက်ခဲ့သည်။

မစ္စတာ ဗီမားလ်က “ဒီလိုလုပ်ရပ်က ဆန့်ကျင်ဘက် ရလဒ်တွေသာ ရလာမှာဖြစ်ပြီး မြန်မာပြည်က အကူအညီ လိုနေသူတွေကိုပဲ ထိခိုက်သွားမှာဖြစ်တယ်။ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ အမျိုးသား ရင်ကြားစေ့ရေးနဲ့ အသွင်ကူးပြောင်းရေးအတွက် ရှေ့ကို တလှမ်းတိုးလိုက်ပါလို့ တိုက်တွန်းပါတယ်” ဟု ပြောဆိုကြောင်း ဟိန္ဒူစတန်တိုင်း သတင်းစာ ဝက်ဆိုက်၌ ဖော်ပြထားသည်။

ကုလအထွေထွေညီလာခံ၌ မစ္စတာကင်တားနားက မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ကုလစံနှုန်းများအရ စစ်ရာဇဝတ်မှုမြောက်သည်ဟုဆိုကာ ကုလစုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့သင့်ကြောင်း အောက်တိုဘာ ၂ဝ ရက်နေ့က အကြံပြုတောင်းဆိုခဲ့သည်။

အလားတူပင် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းရေးကော်မရှင်ဖွဲ့ရန် အမေရိကန်သမ္မတ အိုဘားမားက  သြဂုတ်လ ၁၈ ရက်နေ့က အတည်ပြု ထောက်ခံပေးထားပြီး အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါအပါအဝင်  ၁၃ နိုင်ငံက ထောက်ခံထားသည်။

စုံစမ်းရေး ကော်မရှင် ဖွဲ့ရေးအပေါ် မစ္စတာ ဗီမားလ် ပြန်လည် မေးခွန်းထုတ်သည့် သတင်းထွက်လာပြီးနောက် နယူးဒေလီရှိ လူ့အခွင့်အရေးဆိုင်ရာ အာရှဌာနနှင့် NCGUB ခေါ် အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီး ဒေါက်တာတင့်ဆွေက ဝေဖန် ပြောဆိုကုန်ကြသည်။

“အိန္ဒိက မြန်မာကို ထောက်ခံနေတာက ပထဝီနိုင်ငံရေးနဲ့ စစ်ရေးအကျိုးစီးပွားကြောင့်ပါ။ မြန်မာပြည်သူတွေက ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူးဆိုတာ အိန္ဒိယအစိုးရက သတိမထားမိဘူး။ နောက်တချက်က အိန္ဒိယဟာ မြန်မာ့သယံဇာတတွေ လိုအပ်တာလဲပါတယ်။ ဒါကြောင့် တရုတ်လိုပဲ အိန္ဒိယက မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို မထောက်ခံဘဲ စစ်အစိုးရကို ထောက်ခံနေတာ” ဟု လူ့အခွင့်အရေးဆိုင်ရာ အာရှဌာနမှ ဒါရိုက်တာ မစ္စတာ ဆူဟက်ရှ် ချက္ကမာက မဇ္ဈိမကို ပြောသည်။

NCGUB ဝန်ကြီး ဒေါက်တာတင့်ဆွေကလည်း “၂ဝ၁ဝ ရွေးကောက်ပွဲပြီးရင် အင်္ဂါမစုံတဲ့ ဒီမိုကရေစီအစိုးရ တက်မှာ။ လူ့သဘာဝအရ အင်္ဂါမစုံတဲ့ ကလေးတယောက်ကို စာနာထောက်ထားရတဲ့ သဘောတော့ ရှိပါတယ်။ သို့သော် အိန္ဒိယလို အိမ်နီးချင်းနိုင်ငံတွေက အင်္ဂါမစုံတဲ့ ဒီမိုကရေစီကို ပုံမှန် ဒီမိုကရေစီနိုင်ငံတွေလို ဆက်ဆံသွားမယ်ဆိုတဲ့ စကားက လူ့သဘောဆိုတာထက် ကိုယ်ကျိုးစီးပွားကို ကြည့်လွန်းနေတယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ တရုတ်ကတောင် ပြောင်ပြောင်တင်းတင်း၊ ကျယ်ကျယ်လောင်လောင် မပြောတဲ့ အချိန်မှာ အိန္ဒိယက ပြောလိုက်တော့ သံတမန်ရေးအရ ဘောင်ကျော်လုပ်တယ် ထင်တယ်။ ဒါဟာ မလုပ်သင့်တဲ့ လုပ်ရပ်” ဟု ဆိုသည်။

ကော်မရှင်ဖွဲ့စည်းရေးထောက်ခံသူများက စစ်အစိုးရ၏ ကလေးစစ်သားကိစ္စ၊ တိုင်းရင်းသား ကျေးရွာ ထောင်ချီ ဖျက်ဆီးပစ်သည့် ကိစ္စများကို ထောက်ပြကြသည်။ အကျိုးဆက်အဖြစ် ဒေသခံပြည်သူများ  တောတောင်များနှင့် အိမ်နီးချင်းနိုင်ငံများတွင် ထွက်ပြေးခိုလှုံနေကြရသည် ဆိုသည်။

ထို့ပြင် စစ်တပ်က အမျိုးသမီးများကို အဓမ္မပြုကျင့်မှုကို လက်နက်သဖွယ်သုံးခြင်း၊ ဥပဒေမဲ့ သတ်ဖြတ်ခြင်း၊ စစ်တပ် စီမံကိန်းများအတွက် အဓမ္မလုပ်အားပေးခိုင်းစေခြင်းများနှင့် စစ်ဆင်ရေးတွင် လူသား မိုင်းရှင်း ကရိယာအဖြစ် အသုံးပြုနေခြင်းများလည်းရှိသည်ဟု ဒီမိုကရေစီလှုပ်ရှားသူများက တင်ပြထားကြသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး