ရွေးကောက်ပွဲအကြို မီဒီယာသစ်မှာ သီချင်းနဲ့ အပြိုင်စည်းရုံး

မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ)။       ။ ရွေးကောက်ပွဲ မဲဆွယ်ရေးနှင့် ကန့်ကွက်လှုပ်ရှားရေး သီချင်းများကို အင်တာနက် စာမျက်နှာများနှင့် လူမှုမီဒီယာသစ်များတွင် ပိုတွေ့လာရသည်။

ပါတီစည်းရုံးရေး သီချင်းများနှင့် ရွေးကောက်ပွဲ ကန့်ကွက်သည့် သီချင်းများကို Blog များ၊ Facebook များတွင် လွှင့်တင်ထားကြပြီး အင်တာနက်သုံးသူ မြန်မာလူငယ်များကြား ထိုသီချင်းများကို အချင်းချင်း ဖြန့်ဝေ နေကြသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး သီချင်းများထဲမှ မျိုးချစ်မြန်မာ ရေးသား စပ်ဆိုသည့် No Reason To Vote အမည်ရသည့် သီချင်းမှာ အင်တာနက် သုံးစွဲသူ မြန်မာလူငယ်များအကြား ရေပန်းစားနေသော သီချင်းတပုဒ် ဖြစ်သည်။

“TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့ အတင့်ရဲ ဗြောင်ပေါရဲတယ်
နိုင်ငံတော် ကယ်တင်ရှင်တွေ သူတော်စင်တွေ စောင့်ရှောက်မှဘဲ တစ်ခါထဲ အကုန်မွဲသွားတယ်
အားလုံးက ရတဲ့ပိုက်ဆံ ဗျောင်ခိုးနေကြတယ်
အိမ်ကြီးတွေ ခြံကြီးတွေ ကားသစ်ကြီးတွေနဲ့
မဆလ ခေတ်ကထက်တောင် ပိုဆိုးနေသေးတယ်
ဗမာတခေတ်မှာ ဖာဖြစ်တာ နအဖ ကျေးဇူးဘဲ” ဟု သီချင်းစာသားတွင် ပါသည်။

ထိုရွေးကောက်ပွဲ ဆန့်ကျင်ရေး သီချင်းသည် အဆိုတော် ဝိုင်းစုခိုင်သိန်း၏ “မက်လောက်စရာ” သီချင်းမှ သံစဉ်ယူထားသည်။

အခြားဘက်တွင်လည်း ပါတီ စည်းရုံးရေး သီချင်းများ ထုတ်ဝေနေသည်။ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက “ကလေးတွေ ယူလာတဲ့သီချင်းကို အန်ကယ်တို့ ကြည့်တော့ သဘောကျတယ်လေ၊ အခု စည်းရုံးရေးတွေမှာတောင် ဖွင့်နေတယ်” ဟုပြောသည်။ု

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း ပါတီစည်းရုံးရေးအတွက် မဲဆွယ်သီချင်းများ သုံးသည် ဆိုသည်။

“ကိုယ့်ပါတီရှိတဲ့ နေရာတွေရယ်၊ နောက်ပြီး တချို့ လဘက်ရည်ဆိုင်တို့ ဘာတို့မှာ ဖွင့်ပေးတာပေါ့နော်၊ သီချင်းပါတဲ့ အခါကျတော့ လူတွေက ပိုပြီးစိတ်ဝင်စားတယ်” ဆိုသည်။

ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံအခြေစိုက် Alternative Asean Network on Burma (Altsean-Burma) အာစီယံ မြန်မာ့အရေး ဆောင်ရွက်သူများအဖွဲ့ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်သည့် သီချင်း ၂ ပုဒ် နှင့် သံချပ် တပုဒ်ကို ရေဒီယိုနှင့် အင်တာနက်မှ ထုတ်လုပ် ဖြန့်ချိခဲ့သည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ခေတ်ပေါ်တေးသီချင်းများအပြင် ယခုလ ၂၃ ရက်က အိန္ဒိယနိုင်ငံ နယူးဒေလီက မြန်မာဒုက္ခသည် လူငယ်များကလည်း No Vote အမည်ဖြင့် မဲမပေးရေး အငြိမ့်တပွဲ တင်ဆက်ခဲ့သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး