ပင်းပက် သတ္တုစီမံကိန်းကို ဆန့်ကျင်

မဇ္ဈိမသတင်းဌာန
ချင်းမိုင် ။      ။ ပင်းပက် သံ/သတ္တုတူး စီမံကိန်းကိစ္စကို ဆန့်ကျင်ပြောဆိုသင့်ကြောင်း ရွေးကောက်ပွဲဝင် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ကို ထိုင်းအခြေစိုက် ပအိုဝ်းလူငယ်များ အစည်းအရုံးက ယနေ့ တိုက်တွန်းသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်းပက် သံသတ္တုသိုက် တူးဖော်ရေး စီမံကိန်းကြောင့် မြေယာသိမ်းခံရမှု၊ အဓမ္မ ရွှေ့ပြောင်းခံရမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ဒေသခံများ ကျန်းမာရေးချို့ယွင်းသဖြင့် ထိုကိစ္စကို အကာအကွယ်ပေးရန် ပအိုဝ့်အမျိုးသားအဖွဲ့ချုပ် Pa-O National Organization - PNO ကို တိုက်တွန်းခြင်း ဖြစ်သည်။

“ပင်းပက်စီမံကိန်းက ပြည်သူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးနေပါတယ်။ ပအိုဝ့်အမျိုးသားအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးသင့်ပါတယ်။ ပင်းပက် စီမံကိန်းကို ဆန့်ကျင်ပြောဆိုသင့်ပါတယ်” ဟု ပအိုဝ်းလူငယ်များ အစည်းအရုံး အတွင်းရေးမှူး ခွန်ချန်ကီက မဇ္ဈိမကို ပြောသည်။

“PNO အနေနဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေကို မကြည့်ဘဲနဲ့၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ပဲ ပါတီစည်းရုံးရေးတွေ လုပ်နေတယ်။ တကယ်တမ်းက အဲဒီနေရာဟာ PNO ထိန်းချုပ်တဲ့ နေရာ ဖြစ်တယ်။ ဒါပေမဲ့ ဒေသခံ ပြည်သူတွေကို ဘာမှ ဂရုမစိုက်ဘဲနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးပဲ လုပ်နေတာဖြစ်တယ်” ဟု တွဲဖက်အတွင်းရေးမှူး ကိုမင်းနိုင်ကလည်း ပြောသည်။

မြန်မာနိုင်ငံ၌ ဒုတိယအကြီးဆုံး သံသတ္တုတူး ပင်းပက် စီမံကိန်းကြောင့် ဒေသခံပြည်သူများ ဘေးဒုက္ခရောက်ပုံကို “အနာဂတ်ကို ဖျက်ဆီးခြင်း အစီရင်ခံစာ၊ နောက်ဆက်တွဲ” အမည်ဖြင့် သတင်းစာ ရှင်းလင်းပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပအိုဝ်းလူငယ်များ အစည်းအရုံးက ယနေ့တွင် မီဒီယာများနှင့် တက်ရောက်သူများကို ရှင်းလင်းတင်ပြခဲ့သည်။

၂ဝဝ၄ ခုနှစ်မှစ၍ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် ၇ မိုင်အကွာတွင် တည်ရှိသည့် ပင်းပက်တောင်ခြေ၌ သံသတ္တု တူးဖော်ရေး စီမံကိန်းကို ရုရှားနှင့် မြန်မာကုမ္ပဏီများ ပူးပေါင်းအကောင်အထည် ဖော်ခဲ့ကြသည်။

၂ဝဝ၆-၂ဝဝ၈ ခုနှစ်အတွင်း တောင်ခြေရှိ ရွာ ၃ ရွာမှ နေအိမ် ၁၆ လုံးမှ လူဦးရေ ၅၅ ဦး အဓမ္မ ရွှေ့ပြောင်းပေးခဲ့ရပြီး၊ ရွာ ၁၂ ရွာမှ လယ်ယာမြေများကို ပင်းပက် သံစက်ရုံနှင့် မြန်မာအစိုးရ၏ ၂၁၂ ဆက်သွယ်ရေးတပ်က သိမ်းယူခဲ့သည်ဟု ၂ဝဝ၉ ခုနှစ်ထုတ် ပအိုဝ့်လူငယ်များ အစည်းအရုံး၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

လယ်ယာမြေ သိမ်းယူခြင်း၊ အဓမ္မပြောင်းရွှေ့ခြင်း ရပ်တန့်ရန် ဒေသခံများက အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တုံ့ပြန်ခြင်း မရှိဟု ခွန်ချန်ကီက ဆိုသည်။

“ပင်းပက်စီမံကိန်းသတင်းကို မြန်မာပြည်မှာ ပိတ်ထားတယ်။ ထိခိုက်နစ်နာတဲ့ ဒေသခံတွေကို နားလည်သိရှိလာအောင် လှုံ့ဆော်သွားမယ်။ ဒီစီမံကိန်းကို ကန့်ကွက်လာအောင် ဒေသခံပြည်သူတွေကို ပံ့ပိုးကူညီသွားမယ်” ဟု သူက ပြောသည်။

PNO ပါတီသည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်း၊ ဆီဆုံနဲ့ ဟိုပုံး မြို့နယ်များတွင် ဥက္ကဋ္ဌ ဦးအောင်ခမ်းထီး ဦးဆောင်ကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး