skip to main | skip to sidebar

Tuesday, September 28, 2010

ဗိုလ်ချုပ်ခင်ဇော်ဦး ဦးပိုင်ဥက္ကဋ္ဌသစ်ခန့်

ကိုဝိုင်း

ချင်းမိုင် (မဇ္ဈိမ) ။     ။ ဗြိတိန်၏ ဘဏ္ဍာရေး နာမည်ပျက် စာရင်းတွင်ပါသူ ယခင်ကမ်းရိုးတန်း စစ်တိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်ဦးအား စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဥက္ကဋ္ဌ ခန့်လိုက်ပြီ ဖြစ်သည်။



ယခင်လက စစ်ရေးချုပ်အဖြစ် ရာထူးတိုးသွားပြီးနောက် ဦးပိုင်လီမိတက်ဥက္ကဋ္ဌတာဝန်ပါ ပူးတွဲယူကြောင်း ယခုလ ၂၆ ရက်ထုတ် မြန်မာ့အလင်း  သတင်းစာ၌ ပါရှိသည်။  ဦးပိုင်ဥက္ကဋ္ဌဟောင်း ဒုဗိုလ်ချုပ်ကြီး တင်အေးမှာ စစ်ဘက်မှ အနားယူသွားပြီး နအဖ ကောင်စီဝင်ရာထူး၌ မြဲနေဆဲဖြစ်သည်။

တနင်္သာရီတိုင်းမှူးဟောင်း ဗိုလ်ချုပ်ခင်ဇော်ဦး (ကြည်း ၁၅,ဝဝ၇) သည် ရန်ကုန်တက္ကသိုလ်ဘွဲ့ရ မှော်ဘီ OTS သင်တန်းကျောင်းဆင်းတဦးဖြစ်သည်။  ဗိုလ်မှူးချုပ် ခင်မောင်ဌေးက တိုင်းမှူးရာထူးကို ဆက်ခံသည်။

ဦးပိုင်လီမိတက်သည် မော်တော်ကားတင်သွင်းခြင်း၊ ကျောက်မျက်၊ စိုက်ပျိုးရေး၊ သစ်၊ ရာဘာ၊ ရေထွက်ပစ္စည်း အပါအဝင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း အမြောက်အများကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည်။

မြန်မာ့စီးပွားရေးပိုင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းကို လွှဲပြောင်းရယူခဲ့ပြီး မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အောက်ရှိ  ဗိုလ်အောင်ကျော်ဆိပ်ကမ်း လုပ်ငန်းများကိုလည်း လွှဲပြောင်းလုပ်ကိုင်လျက်ရှိသည်။ ထို့ပြင် ပန်းဆိုးတန်း ပြည်သူ့ကုန်တိုက် အဆောက်အအုံကိုလည်း ဝယ်ယူခဲ့ပြီး Ruby Mart အမည်ဖြင့် ဈေးဝယ်စင်တာတခု မကြာမီ ဖွင့်မည်ဟုလည်း သိရသည်။

ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ မြဝတီဘဏ်၊ မြဝတီကုန်သွယ်ရေးလီမိတက် တို့ကိုလည်း ပိုင်ဆိုင်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ပနံသင့်သူဖြစ်၍ ဗိုလ်ချုပ်ခင်ဇော်ဦးကို မြန်မာ့စီးပွားရေးလောက ထိပ်တန်း နေရာယူထားသည့် ဦးပိုင်ဥက္ကဋ္ဌ တာဝန်ပေးခြင်းဟုလည်း ပြည်ပရောက် စစ်အရာရှိဟောင်း တဦးက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger