‘ဝ’ ကို လက်နက် ခိုးရောင်းတဲ့ ထိုင်းလေးဦး ရဲဖမ်း
မဇ္ဈိမသတင်းဌာန | စနေနေ့၊ စက်တင်ဘာလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၄၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ)။ ။ ထိုင်းတပ်ကြပ်ကြီး တဦး၊ စစ်ကန်ထရိုက် အရပ်သား နှစ်ဦးနှင့် အခြား အရပ်သား နှစ်ဦးကို Lopburi နယ် လက်နက် တပ်ဆင်သည့် ဌာနက လက်နက်ခိုးပြီး ‘ဝ’ သူပုန်ထံရောင်းမှုနှင့် ထိုင်းရဲက ဖမ်းလိုက်ကြောင်း ဘန်ကောက် နေးရှင်း သတင်းစာတွင် သောကြာနေ့က ရေးသည်။
လက်နက်တပ်ကြပ်ကြီး Sema Khotchaphate က ‘ဝ’တပ်ကို လောင်ချာတွင် ထည့်ပစ်နိုင်သော ဗုံးတလုံးကို ဘတ် ၁၅ဝဝ ( ကျပ် ၄၅,ဝဝဝ ခန့်)၊ M16 ကျည်ဆံ တတောင့်လျှင် ၅ ဘတ် (ကျပ် ၁၅ဝ ခန့်) ဖြင့် ရောင်းခဲ့ကြောင်း ထွက်ဆိုသည်ဟု ထိုင်းရဲအဖွဲ့က နေးရှင်း သတင်းစာသို့ ပြောသည်။ ဖမ်းထားသည့် လေးဦးလုံးက လက်နက်ခိုးကြောင်း ဝန်ခံသည်ဟုလည်း ဆိုသည်။
အဖမ်းခံရသူများသည် စက်တင်ဘာ ၂ရက်က M60 စက်သေနတ် ကျည်ဆံ အတောင့် ၉,ဝဝဝ နှင့် ဗုံး ၁ဝ လုံးကို စစ်လက်နက် ဂိုဒေါင်တခုမှ ခိုးခဲ့ပြီး သုံးရက်အကြာတွင် လောင်ချာတွင် ထည့်ပစ်နိုင်သည့် ဗုံးအလုံး ၆ဝ နှင့် အခြားဒုံးကျည် ၃၁ ခုကို ခိုးရန် ကြိုးစားခဲ့သည်ဟု ရဲက ဆိုသည်။
ဒုတိယအကြိမ် ကြိုးစားစဉ် မအောင်မမြင် ဖြစ်ပြီး ဂိုဒေါင်ထဲ၌ ခဲယမ်းမီးကျောက်များ အလွယ်တကူ ခိုးထုတ်သွားရန် အဝတ်အိတ်များထဲ၌ အသင့် ထုပ်ပိုးထားသည်ကို စစ်အာဏာပိုင်များက တွေ့ခဲ့ရသည် ဟု ပြောသည်။
လက်နက်ဝယ်သည့် ‘ဝ’တပ်ဆိုသည်မှာ မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် 'ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်လော၊ အခြား အင်အားနည်းသည့် ‘ဝ’ လက်နက်ကိုင် အဖွဲ့များလော ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။