skip to main | skip to sidebar

Monday, December 21, 2009

မြစ်ဆုံ ရေကာတာ ဖွင့်ပွဲ ဆင့်ခေါ်

မျိုးကြီး | တနင်္လာနေ့၊ ဒီဇင်ဘာလ ၂၁ ရက် ၂၀၀၉ ခုနှစ် ၁၈ နာရီ ၄၀ မိနစ်

ရွှေလီ (မဇ္ဈိမ) ။     ။ မြန်မာ-တရုတ် ပူးတွဲ တည်ဆောက်သည့် ကချင်ပြည်နယ် ဧရာဝတီ မြစ်ဖျားရှိ မေခနှင့် မလိခ မြစ်ဆုံ ရေကာတာ တည်ဆောက်ရေး ဖွင့်ပွဲသို့ တက်ရောက်ရန် ဒေသခံ ရွာသားများကို ယနေ့တွင် အာဏာပိုင်များက ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

ပြည်နယ် မြို့တော် မြစ်ကြီးနား မြောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ လုံခါဇွတ် ရွာအနီး၌ ယနေ့နံနက်တွင် ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ နှစ်နိုင်ငံ အရာရှိကြီးများ တက်ရောက်ခဲ့သလို၊ အနီးရှိ ကျေးရွာတရွာလျှင် အိမ်ခြေ ၅၀ မှ တအိမ်ထောင်လျှင် တဦးနှုန်း လာရောက်ရန် မြစ်ကြီးနား မယက ကောင်စီက ရွာဥက္ကဋ္ဌများမှ တဆင့် ဆင့်ခေါ်ခဲ့သည်။

“မြစ်ဆုံ ရေကာတာရဲ့လုပ်ငန်းခွင်ဖွင့်ပွဲကို လုံခါဇွတ်၊ ကျိန်ခန်၊ တန်ဖဲ အဲဒီဘက်က ရွာလူကြီးတွေကို တရွာကို အိမ်ခြေ ၅၀ ၊ တအိမ်တယောက် မလာမနေရ။ လာတဲ့လူတွေကလည်း တိုင်းရင်းသား ဝတ်စုံတွေကို ဝတ်ပြီးမှ လာခဲ့ရမယ်။ မယက ဥက္ကဋ္ဌက အမိန့် ပေးထားတယ်။ လီဆူးဆို လီဆူးဝတ်စုံ၊ ကချင်ဆို ကချင်ဝတ်စုံ ဝတ်ပြီး တက်ရတယ်” ဟု အဆိုပါ ဒေသတွင်းမှ ဒေသခံတဦးက ပြောသည်။

ယနေ့ ဖွင့်ပွဲသို့ မြန်မာနိုင်ငံ အမှတ် ၂ စွမ်းအင် ဝန်ကြီးဌာန တာဝန်ရှိသူများ၊ အေးရှားဝေါလ် ကုမ္ပဏီ အကြီးအကဲ များ၊ ဒေသအာဏာပိုင်များနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းထွာ စစ်ဆေးမှုများ အများအပြား ပြုလုပ်ခဲ့ပြီးနောက် လက်တွေ့အားဖြင့် စတင် တည်ဆောက်ရန် ယခု အခမ်းအနား ကျင်းပခြင်း ဖြစ်သည်။

ဖွင့်ပွဲနှင့် အချိန်ကိုက်ကာ ယနေ့ နံနက်ပိုင်းတွင် ရေကာတာ စီမံကိန်းကို ဆန့်ကျင်ကြောင်း ရေးသားထားသည့် စာရွက်များကို မြစ်ကြီးနားမြို့ပေါ်နှင့် ရေကာတာ တည်ဆောက်ရာ ဝန်းကျင်ရှိ ကျေးရွာများတွင် ဖြန့်ဝေခဲ့သည်ဟု ဒေသတွင်း၌ လျှို့ဝှက် လှုပ်ရှားနေသည့် ကချင် ကျောင်းသား လူငယ်သမဂ္ဂ ခေါ် AKSYU မှ တာဝန်ရှိသူ တဦးက ပြောသည်။

''A4 ဆိုဒ်ကို ဆော့ပင်အမည်းနဲ့ ရေးတယ်။ အပေါ်မှာ ရက်စွဲရေးတယ် ပထမစာကြောင်းက မြစ်ဆုံရေကာတာ အလိုမရှိရယ် နောက်တစ်ကြောင်းက အေးရှားဝေါလ် ၊ CPI အလိုမရှိလို့ ရေးထားပြီးတော့ အောက်ဆုံးမှာ AKSYU ။ အဲလိုရေးတယ်'' ဟု သူက ပြောသည်။

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကို ၂၀၀၆ ခုနှစ်တွင် မြန်မာနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI တို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပြီး၊ မေခမြစ်တလျှောက် ရေကာတာ ၅ ခုနှင့် မလိခမြစ်တွင် ၂ ခု တည်ဆောက်မည်ဟု စစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ၂၀၀၇ ခုနှစ် မေလပိုင်းတွင် ဖော်ပြ
ခဲ့သည်။

သို့သော် မြစ်ဆုံတွင် ရေကာတာ တည်ဆောက်မှုကြောင့် လူပေါင်း ၁၅၀၀၀ ခန့် မှီတင်းနေထိုင်သည့် ရွာပေါင်း ၆၀ ကျော်မှ ကချင် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်သည့် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG မှ ဥက္ကဋ္ဌ ကိုအောင်ဝါက ပြောသည်။

ယခုနှစ်အတွင်း ဧရာဝတီ မြစ်အောက်ပိုင်းတွင် မြစ်ကြောင်းများအတွင်း သိသာစွာ  သဲသောင်များ  ဖြစ်ထွန်းနေပြီး ရေကြောင်းသွားလာမှု အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်းနှင့် ရေကာတာ တည်ဆောက်မှု ပြုလုပ်ပါက ယခုထက် ပိုမို ဆိုးရွားလာနိုင်ကြောင်း ပြည်တွင်းရှိ မြစ်ကြောင်း ကျွမ်းကျင်သူများက ပြောဆိုကြသည်။

Wednesday, December 2, 2009

မြစ်ဆုံ ရေကာတာလုပ်ငန်း ပြန်လည် စတင်တော့မည်

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၂ ရက် ၂၀၀၉ ခုနှစ် ၂၀ နာရီ ၅၃ မိနစ်

မဇ္ဈိမ (ချင်းမိုင်)။ ။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြောက်ဘက်ရှိ မြစ်ဆုံရေကာတာစီမံကိန်း လုပ်ငန်းများကို ယခုလ လယ်တွင် ပြန်လည် စတင်မည်ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၀၇ ခုနှစ်အတွင်း စတင်ခဲ့သည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မြစ်ဆုံရေကာတာ စီမံကိန်းလုပ်ငန်းများကို ယခုနှစ် မိုးတွင်းပိုင်း၌ ခေတ္တရပ်နားခဲ့ရာမှ ပြန်လည်စတင်ရန် သိရခြင်း ဖြစ်သည်။

“ရေတားမယ့် ကွန်ကရစ်ချမှာက ဒီဇင်ဘာ ၂၆ ရက်နေ့ စမယ်။ လုပ်ငန်းပြန်စတဲ့ ဖွင့်ပွဲကို ၁၆ ရက်နေ့မှာ လုပ်မယ်။ ဘိလပ်မြေစက်၊ ကျောက်ခွဲစက်တွေဘာတွေ ရောက်ပြီ” ဟု စီမံကိန်း၌ ပါဝင်သည့်
အေရှားဝေါလ်ကုမ္ပဏီမှ ကျွမ်းကျင်ဝန်ထမ်းများနှင့် နီးစပ်သူ ဒေသခံတဦးက ပြောသည်။ သို့သော် လုပ်ငန်းဖွင့်ပွဲ ကျင်းပမည့်နေရာကိုမူ အတိအကျ မသိကြရသေးပေ။

ရေအားလျှပ်စစ် မီဂါဝပ် ၃၆၀၀ ထုတ်ပေးနိုင်မည့် “မြစ်ဆုံရေကာတာစီမံကိန်း” အရ မေခမြစ်တွင် တာ ၅ ခု၊ မလိခမြစ်တွင် ၂ ခုဖြင့် ရေပိတ်ထားမည်ဖြစ်သည်။

မြစ်ဆုံရေကာတာ စီမံကိန်းအတွက် ယခုအခါ အလုပ်သမား အိမ်ယာများ ဆောက်လုပ်ခြင်းနှင့် ဧရာဝတီ မြစ်ရေအောက်ပိုင်း စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

စီမံကိန်း အထက်ပိုင်းရှိ တန်ဖရဲ၊ မြစ်ဆုံ၊ ကျိန်ခရန်၊ ဒေါင်ပန်၊ ခန်းဘူး စသည့် ကျေးရွာများ အပါအဝင် ရွာပေါင်း ၆၀ ကျော်မှ ဒေသခံ ၁၀၀၀၀ ကျော်သည် မြစ်ဆုံအောက်ဘက် လုန်ကာဇွပ်ကျေးရွာအနီးရှိ နေရာအသစ်သို့ ပြောင်းရွှေ့ရမည်ဟု သိရသည်။

ထို့အပြင် စီမံကိန်းနေရာသည် စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောနှင့် နီးသဖြင့် ရေကာတာကျိုးပြီး ရေလွှမ်းမည့် အန္တရာယ်ကြောင့် ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားသူများက ကန့်ကွက်နေကြသည်။

ယခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့က မြစ်ဆုံဒေသခံများ စုပေါင်းလက်မှတ်ထိုး၍ စီမံကိန်းကို ရပ်ပေးရန် မြစ်ကြီးနားမြို့နယ် မယကမှတဆင့် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းထံ စာရေးသားပေးပို့၍ ကန့်ကွက်ခဲ့သော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးပေ။

ရေကာတာကျိုးပါက အောက်ဘက် ကီလိုမီတာ ၄၀ အကွာရှိ မြစ်ကြီးနားမြို့သာမက မြစ်ဆုံနှင့်
မြစ်ကြီးနားအကြားရှိ ကျေးရွာ ၂၀ ခန့်မှ ကချင်လူထုများလည်း ရေလွှမ်းမိုးမှု ခံရမည်ဟု လှုပ်ရှားသူများက ခန့်မှန်းထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းကလည်း စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောသည် ကချင်ပြည်နယ်၌ မြို့ကြီးများကို မဖြတ်သော်လည်း မြစ်ဆုံအောက်ပိုင်း ၁၄ မိုင်ခန့် ကွာဝေးပြီး ဧရာဝတီမြစ် အနောက်ဘက်ရှိ အင်ခိုင်ဘွမ်တောင်ကို ဖြတ်သွားကြောင်း မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီသည် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်းတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြော၏ အသေးစိတ် ငလျင်ဇုန်မြေပုံကို ဖော်ထုတ်ရေးဆွဲ
နေကြောင်း သိရသည်။

ဤစီမံကိန်း အကောင်အထည်ဖော်ရန် စစ်အစိုးရ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (China Power Investment Corporation - CPI) တို့အကြား ၂၀၀၆ ခုနှစ်တွင် သဘောတူခဲ့ခြင်း ဖြစ်သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)
 

Mizzima Burmese Copyright © 2011 | Template created by O Pregador | Powered by Blogger